ဗြိတိန်ဝန်ကြီးချုပ်သစ် အစိုးရအဖွဲ့ ၀န်ကြီးများ ခန့်အပ်

နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသည့် ဘောရစ် ဂျွန်ဆင်။ (ဓာတ်ပုံ - ရိုက်တာ)
1.3K
ဗြိတိန်ဝန်ကြီးချုပ်သစ်ဖြစ်လာတဲ့ ထရီဇာ မေ (Theresa May) ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့က ၀န်ကြီးချုပ်တာဝန် စတင်ထမ်းဆောင်တဲ့နေ့မှာပဲ အစိုးရသစ် အဖွဲ့ဝင် ၀န်ကြီးတချို့ကို ခန့်အပ်ကြေညာခဲ့ပါတယ်။
ဗြိတိန်နိုင်ငံ အီးယူက ခွဲထွက်ရေးခေါင်းဆောင် အရင် လန်ဒန်မြို့တော်ဝန် ဘောရစ် ဂျွန်ဆင် (Boris Johnson) ကို ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရွေးချယ်ခန့်အပ်လိုက်ပါတယ်။
အရင် နိုင်ငံခြားရေးဝန်ကြီး ဖီးလစ် ဟမ်မွန် (Philip Hammond) ကိုတော့ အစိုးရသစ် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်လိုက်ပါတယ်။
ဝန်ကြီးချုပ် ထရီဇာ မေ အရင်ကိုင်ခဲ့တဲ့ ဗြိတိန် ပြည်ထဲရေးဝန်ကြီးနေရာကိုတော့ အရင် စွမ်းအင်နဲ့ ရာသီဥတုထိန်းချုပ်ရေးဝန်ကြီး အမ်ဘာ ရက်ဒ် (Amber Rudd) ကို ခန့်အပ်ပါတယ်။
အမ်ဘာ ရက်ဒ်လည်း ထရီဇာ မေလိုပဲ အမျိုးသမီး ပြည်ထဲရေးဝန်ကြီး ဖြစ်လာတာပါ။
ဗြိတိန်နိုင်ငံဆိုင်ရာ အီးယူညှိနှိုင်းရေးဝန်ကြီး နေရာကိုတော့ အီးယူမှ ခွဲထွက်ရေးဘက်က ရပ်တည်ခဲ့တဲ့ ဒေးဗစ် ဒါဗစ်စ် (David Davis) ကို ခန့်အပ်ပါတယ်။
ထရီဇာ မေဟာ ဗြိတိန်ရဲ့ သံမဏိဝန်ကြီးချုပ် မာဂရက် သက်ချာနောက် ဗြိတိန်နိုင်ငံရဲ့ ဒုတိယမြောက် အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာတာပါ။
ဇူလိုင် ၁၃ ရက်နေ့ ညနေပိုင်းက ဂျာမနီဝန်ကြီးချုပ်နဲ့ ပြင်သစ်သမ္မတတို့က ထရီဇာ မေကို ဖုန်းဆက်ပြီး ဂုဏ်ပြုစကား ပြောကြားခဲ့ကြပါတယ်။