သာသနာသန့်ရှင်းရေးဆောင်ရွက်ရန် သာသနာရေးဝန်ကြီး လျောက်ကြား

ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီးရဲ့ ရေရှည်အကျိုးအတွက် ရဟန်းနှင့်မလျောက်ပတ်တဲ့ ကိစ္စရပ်တွေကို ဆောင်ရွက်တဲ့ ရဟန်းနဲ့ သာမဏေတို့ကို ထိထိရောက်ရောက်နှိမ်နင်းပေးဖို့ သာသနာရေးနဲ့ယဉ်ကျေး မှုဝန်ကြီး သူရဦးအောင်ကိုက နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးတွေကို လျောက်ကြားပါတယ်။
ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်မှာ ဇူလိုင်လ ၁၃ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ၄၇ ပါးစုံညီ အစည်းအဝေးပထမနေ့မှာ သူရဦးအောင်ကိုနဲ့ တာဝန်ရှိသူတွေ တက်ရောက်ကြည်ညိုပြီး လျောက်ကြားခဲ့ တာဖြစ်ပါတယ်။
ဘုရားရှင်ဆိုဆုံးမတဲ့သြ၀ါဒနဲ့ လိုက်နာကျင့်ကြံနေထိုင်ကြတဲ့ ရဟန်း၊ သာမဏေများဟာ မိမိကျောင်းတိုက်အ တွင်းမှာ စာကျက်၊ စာအံ၊ တရားဓမ္မကျင့်ကြံအားထုတ်ခြင်းဖြင့်သီတင်း သုံးနေကြပါကြောင်း၊ မလျော်ကန်တဲ့ ကာလဒေသများနဲ့ ဖေ့စ်ဘုတ်နဲ့ လူမှုကွန်ယက်တွေမှာ အကျိုးမဲ့အချိန်ဖြုန်းနေကြတဲ့ ရဟန်း၊ သာမဏေအချို့ကို ပဓာန နာယကဆရာတော်ကြီးများ အနေနဲ့ ညွှန်ကြားလွှာ ၇၂ နှင့်အညီ တင်းတင်းကျပ်ကျပ် ကြပ်မတ်ဆုံးမပေးရန် လိုအပ်လာကြောင်း ၀န်ကြီးက လျောက်ထားပါတယ်။
ညွှန်ကြားလွှာအမှတ် (၇၂) ဆိုတာဟာ “ကျောင်းထိုင်ဘုန်းကြီးနှင့် ခန်းနေသာမဏေတို့ တိတိကျကျ လိုက်နာကျင့်သုံးရန် ဓမ္မ၀ိယနနှင့်အညီ စည်းကမ်းကျင့်ဝတ်များ ထုတ်ပြန်ညွှန်ကြား ခြင်း” ဖြစ်ပါတယ်။ အဲဒီထဲမှာ ရဟန်း သာမဏေများ လိုက်နာရန် စည်းကမ်းကျင့်ဝတ်များ၊ ကျောင်းထိုင်ဘုန်းကြီးများ လိုက်နာရန်စည်းကမ်းကျင့်ဝတ်များ၊ ရပ်ကွက်၊ ကျေးရွာ သံဃနာယက အဖွဲ့၏ တာဝန်ဝတ္တရားများ၊ မြို့နယ်သံဃနာယကအဖွဲ့၏ တာဝန်ဝတ္တရားများ၊ ပြည်နယ်နှင့် တိုင်းသံဃနာယကအဖွဲ့၏တာဝန်ဝတ္တရားများဆိုပြီးပါရှိပါတယ်။ ဒီညွှန်ကြားလွှာကို အကောင်အ ထည်ဖော်ဆောင်ရွက်ရာမှာ အုပ်ချုပ်ရေးပိုင်းထံက အကူအညီကိုရယူပြီး ကွပ်ကဲ ဆောင်ရွက် နိုင်ခွင့်ရှိပါတယ်။
လက်ရှိကာလမှာ ဆက်သွယ်ရေးနည်းပညာတိုးတက်မှုနှင့်အညီ ဖေ့စ်ဘုတ်နဲ့ လူမှုကွန်ရက် သတင်း မီဒီယာတွေမှာ ဘာသာရေးအဓိကရုဏ်းနဲ့ လူမျိုးရေးအဓိကရုဏ်းတွေဖြစ်နိုင်တဲ့ အပြောအဆိုအရေးအသားတွေ ကျယ်ပြန့်နေကြောင်း၊ ဒီမိုကရေစီရဲ့ လွတ်လပ်စွာပြောဆို ရေးသားခွင့်ဟူသော လူ့အခွင့်အရေးကို အကြောင်းပြုပြီး မလျော်သည့်အကြောင်းအရာတွေကို မဟုတ်မမှန် ဖန်တီးရေးသားဖော်ပြနေကြတဲ့အတွက် လူမျိုးရေးနဲ့ ဘာသာရေး အဓိကရုဏ်း ဖြစ်အောင် ဘာသာဝင်အချင်းချင်းသော်လည်းကောင်း၊ သံဃာတောင်အချင်းချင်း သော်လည်း ကောင်း၊ အထက်အောက်သံဃာအဖွဲ့အစည်းများအတွင်း သော်လည်းကောင်း ပဋိပက္ခတွေ ဖြစ်ပွားလာစေနိုင်တဲ့အတွက် ဆရာတော်ကြီးများအနေဖြင့် သံဃာ့အဖွဲ့အစည်းအားလုံး ညီညွတ်မှုကို ပိုမိုအလေးထား ဆောင်ရွက်သင့်တဲ့ အချိန်အခါဖြစ်ကြောင်း ဖြည့်စွက်လျောက်ထား ခဲ့ပါတယ်။
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသက အစည်းအဝေးဖွင့် သာရဏီယသြဝါဒကထာကို မြွက်ကြားရာမှာ သာသနာတော် သန့်ရှင်း တည်တံ့ပြန်ပွားရေးကို ဆောင်ရွက်ရာမှာ ပြီးပြည့်စုံစေဖို့အတွက် သံဃာတော်တွေချည်း သာမကဘဲ နိုင်ငံတော်အစိုးရ မင်းတွေရဲ့ အမှီရရှိမှသာ ဖြစ်နိုင်မယ်လို့ ထည့်သွင်းမိန့်ကြားခဲ့ ပါတယ်။
သာသနာရေးရာ၊ ဝိနိစ္ဆယရေးရာ၊ ပညာရေးရာများကို ဆောင်ရွက်ရာမှာ လက်ရှိ ဒီမိုကရေစီ စနစ်နဲ့လည်း ကိုက်ညီပြီး ဗုဒ္ဓဘုရှားရှင်၏ ဓမ္မဝိနယနဲ့လည်း လုံးဝသွေဖည်မှုမရှိရလေအောင် ဆောင်ရွက်ရသကဲ့သို့ အရပ်ဘက် ဥပဒေတွေနဲ့ည်း ချိန်ထိုး၍ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သို့မှသာ မိမိတို့ယုံကြည်အားထား ကိုးကွယ်နေကြသည့် ဒါယကာများက မဟာနာယကအဖွဲ့ ကြီးကို ရိုသေလေးစားမှုရှိပြီး ဝိုင်းဝန်း၍ ကူညီကြမှာ ဖြစ်ပါကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားပါတယ်။
အစည်းအဝေးကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ ကြွရောက် တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို နှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညို ကြပါတယ်။
အခုကျင်းပတဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဟာ အဖွဲ့ရဲ့ ၄၇ ပါးစုံညီအစည်းအဝေးမကျင်း ပမီ ဇူလိုင်လ ၁၂ ရက်နေ့က အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ)နဲ့ ပတ်သက်လို့ ဂိုဏ်းပေါင်းစုံသံဃာအစည်းအဝေးကြီးက အသိအမှတ်မပြုကြောင်းနဲ့ သံဃာ စည်းမျဉ်းစည်းကမ်းနဲ့ မညီညွတ်တဲ့ အဖွဲ့ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါ တယ်။
၂၀၁၃ ခုနှစ်မှာ ဖွဲ့စည်းပေါ်ပေါက်ခဲ့တဲ့ မဘသ အဖွဲ့ကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မရှိသင့်တော့ကြောင်း စင်ကာပူနိုင်ငံမှာ ဒီလဆန်းပိုင်းက ပြောဆိုခဲ့အပြီးမှာ မဘသကို ထောက်ခံသူတွေနဲ့ မထောက်ခံသူတွေအကြား အထူးသခြင့် လူမှုကွန်ယက်ဖေ့စ်ဘုတ်စာ မျက်နှာမှာ ရှိသင့်၊ မရှိသင့် အခြေအတင်ပြောဆိုဝေဖန်ခဲ့ကြပါတယ်။
ကိုးကား - မြန်မာ့အလင်း