တောင်တရုတ်ပင်လယ်ပိုင်ဆိုင်မှု နိုင်ငံတကာတရားရုံး ဆုံးဖြတ်ချက် လိုက်နာသင့်ဟု တရုတ်ကို ဖိလစ်ပိုင် တောင်းဆို

ဓာတ်ပုံ - Courtesy Planet
1.1K
တောင်တရုတ်ပင်လယ် ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး နိုင်ငံတကာတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံအနေနဲ့ လေးစားလိုက်နာသင့်တယ်လို့ ဖိလစ်ပိုင်နိုင်ငံက တောင်းဆိုလိုက်ပါတယ်။
မွန်ဂိုလီးယားနိုင်ငံမှာ ၂ ရက်ကြာ ကျင်းပမယ့် အာရှ-ဥရောပ ထိပ်သီးဆွေးနွေးပွဲမှာ ဒီ တောင်တရုတ်ပင်လယ်ကိစ္စကို ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက တင်သွင်းဆွေးနွေးမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေး ၀န်ကြီးဌာန ကြေညာချက်က ဆိုပါတယ်။
တောင်တရုတ်ပင်လယ်ကို တရုတ်နိုင်ငံက ပိုင်ဆိုင်တယ်ဆိုတာ တရားမ၀င်ဘူးလို့ နယ်သာလန်နိုင်ငံ၊ သည်ဟိသ် (The Hague) မြို့မှာရှိတဲ့ ကုလသမဂ္ဂနောက်ခံ နိုင်ငံတကာတရားရုံးက ဇူလိုင် ၁၂ ရက်နေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။
တရုတ်နိုင်ငံကတော့ တရားရုံးဆုံးဖြတ်ချက်ကို မလိုက်နာဘူးလို့ ယတိပြတ်ကြေညာထားပြီး တောင်တရုတ်ပင်လယ်အတွင်း လက်ရှိဆောင်ရွက်နေတဲ့ စီမံကိန်းတွေ ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။
မွန်ဂိုလီးယားမြို့တော်မှာ အာရှ-ဥရောပ ထိပ်သီးဆွေးနွေးပွဲကို နိုင်ငံပေါင်း ၅၃ နိုင်ငံက ခေါင်းဆောင်တွေ တက်ရောက်ကြမှာဖြစ်ပြီး တောင်တရုတ်ပင်လယ် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ဗီယက်နမ်၊ မလေးရှား စတဲ့ အာဆီယံနိုင်ငံတွေလည်း တက်ရောက်ကြမှာပါ။