လားရှိုးခရိုင်တွင် မူးယစ်ဆေးဝါးထုတ်လုပ်သည့် စခန်းကို ၀င်ရောက်ရှင်းလင်း
နန်းမြနဒီ
·
July 14, 2016
ရှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် မိုင်းယော်မြို့နယ် မုံးလျံကျေးရွာဘက်မှာ မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ စခန်းတစ်ခုကို ၀င်ရောက်ရှင်းလင်းခဲ့တယ်လို့ ရှမ်းပြည်နယ်ဒု ရဲတပ်ဖွဲ့မှူးရုံးမှ ပြော ပါတယ်။
စက်သုံးဆီတွေ ဖိုးဝီးကားနဲ့ အဲဒီဒေသဘက်သယ်ဆောင်နေတာတွေ့ရှိပြီးတဲ့နောက် ရှေ့တန်း စစ်ဆင်ရေးတပ်နဲ့ စုံစမ်းပြီး ဇူလိုင်လ ၁၀ ရက်နေ့မှာ ၀င်ရောက်ရှင်းလင်းခဲ့တာလို့ ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး - ရဲမှူးကြီး အောင်မြတ်မိုးက ဒီဗွီဘီကို ပြောပါတယ်။
“လွန်ခဲ့တဲ့ တစ်လ ၂ လောက်က စက်သုံးဆီတွေ၊ ဒီဇယ်ဆီတွေကို ဖိုးဝီးကားတွေနဲ့ မိုင်းေ ယ်ာဘက်ကို သွားသွားနေတာကို သတိထားမိတယ်။ အဲဒီမှာ ရှေ့တန်းစစ်ဆင်ရေးထွက်နေတဲ့ စစ်ကြောင်းတွေနဲ့ အတည်ပြုပါတယ်။ လားရှိုးနဲ့ ၂၅ မိုင်လောက်ဝေးတဲ့ တောတောင်ထဲက လျှိုကြီးထဲမှာ တာလပတ်မိုးထားတဲ့ ယာယီတဲ ၂၅ လုံးလောက်တွေ့တယ်။ အတည်ပြု လို့ရပြီးတော့ ရမခတိုင်းမှူးခွင့်ပြုချက်နဲ့ ၀င်စီးလိုက်တာဖြစ်တယ်။ သွားစီးနင်းတဲ့အချိန်မှာ လူတွေက သတင်းပေါက်ကြားလို့လား။ အသုံးမပြုတာကြာလို့လား မသိဘူး။ လူတွေတော့ မရှိတော့ဘူး။ မူးယစ်ဆေးဝါးချက်လုပ်တဲ့ ကရိယာ၊ ဟိုက်ဒြိုကလိုရစ်အက်ဆစ်တွေ၊ ပေပါတွေ၊ ဖန်ပေါင်းချောင်တွေ၊ ရေခဲသေတ္တာတွေ တွေ့တယ်။”
မူးယစ်ဆေးဝါးတွေကိုတော့ မတွေ့ရကြောင်း၊ ဒါပေမယ့် အိုက်စ်လို့ခေါ်တဲ့ ပုံဆောင်ခဲအမျိုးအစား မူးယစ်ဆေးထုတ်လုပ်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်တယ်လို့ သူက ဆက်ပြောပါတယ်။
ပစ္စည်းတွေမှာ တရုတ်စာတွေပါရှိပြီး ၀ ဒေသနယ်မြေဖြတ်သန်းခွင့်လက်မှတ်တွေကိုပါ တွေ့ရှိရ တဲ့အတွက် ၀ ဒေသဘက်က ၀င်လာတဲ့ ပစ္စည်းတွေဖြစ်မယ်လို့ ရဲတပ်ဖွဲ့က သုံးသပ်ထားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ရဲစခန်းမှာ မူးယစ်ဆေးဝါးဥပဒေပုဒ်မနဲ့ အမှုဖွင့်ထားကာ ပိုင်ရှင်ကို ဆက်လက်စုံစမ်းဖော်ထုတ်သွားမယ်လို့ ရဲမှူးကြီးက ပြောသွားပါတယ်။