ဟီလာရီကလင်တန် သမ္မတဖြစ်ရေး ထောက်ခံအားပေးမည်ဟု ဘာနေးဆန်းဒါးစ် ပြော

ဓာတ်ပုံ - ရိုက်တာ
1.2K
ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟီလာရီ ကလင်တန်ကို အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံရရေး ထောက်ခံအားပေးသွားမယ်လို့ ပါတီတွင်း ပြိုင်ဘက်ဖြစ်ခဲ့တဲ့ ဘာနေး ဆန်းဒါးစ်က ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်နေ့က နယူးဟမ်းရှိုင်းယားပြည်နယ်မှာ ဟီလာရီနဲ့ ဘာနေးတို့ ၂ ဦး ဒီမိုကရက်တစ်ပါတီ ထောက်ခံသူတွေကို မဲဆွယ်စည်းရုံးခဲ့ကြပါတယ်။
ပြီးခဲ့တဲ့လက ပါတီတွင်း သမ္မတလောင်း ပဏာမရွေးချယ်ပွဲတွေမှာ မဲအများစုကို ဟီလာရီကလင်တန် အနိုင်ရပြီးကတည်းက ဟီလာရီနဲ့ ဘာနေးတို့ ဒီမိုကရက်တစ်ပါတီ ညီညွတ်ရေး ပူးပေါင်းဆောင်ရွက်ကြဖို့၊ ရီပတ်ဗလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ကို ပူးပေါင်းရင်ဆိုင်ဖို့ ဆွေးနွေးညှိနှိုင်းနေခဲ့ကြတာပါ။
ဟီလာရီဟာ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်းအဖြစ် ရွေးချယ်ခံရမှာ ဖြစ်တယ်၊ သူ့အနေနဲ့ ဟီလာရီ အမေရိကန်သမ္မတအဖြစ် ရွေးချယ်ခံရရေး အတတ်နိုင်ဆုံး အားဖြည့်ကူညီသွားမယ်လို့ ဘာနေးက ထောက်ခံသူတွေကို ပြောဆိုပါတယ်။
ဘာနေးဆန်းဒါးစ်ဟာ ပြီးခဲ့တဲ့လတွေအတွင်း ပါတီကိုယ်စားပြု သမ္မတလောင်းရွေးပွဲမှာ ဟီလာရီကို အနိုင်မရနိုင်တော့ဘူးဆိုတာ သေချာသိတဲ့အချိန်မှာတောင် ဟီလာရီကို အလျှော့မပေးဘဲ ဆက်လက်ယှဉ်ပြိုင်နေခဲ့တာပါ။
သူ့ရဲ့ အဓိကမူဝါဒတွေဖြစ်တဲ့ အဆင့်မြင့်ပညာစနစ်၊ ပြုပြင်ပြောင်းလဲရေး၊ အခြေခံကျန်းမာရေး စောင့်ရှောက်မှုနဲ့ နေ့စားဝန်ထမ်းတွေရဲ့ အနိမ့်ဆုံးလုပ်ခ တိုးမြှင့်ရရှိရေး ကိစ္စတွေကို ဟီလာရီက ထောက်ခံအားပေးဖို့ ဖိအားပေး ဆွေးနွေးခဲ့ရတယ်လို့ သတင်းတွေက ဆိုပါတယ်။