ဗြိတိန်ဝန်ကြီးချုပ်သစ်လက်ထက် မဟာမိတ်ဆက်ဆံရေး ဆက်ထိန်းနိုင်မည်ဟု ယုံကြည်ကြောင်း အိုဘားမား ပြော

ဓာတ်ပုံ - ရိုက်တာ
1.1K
ဗြိတိန်ဝန်ကြီးချုပ်သစ် ထရီဇာ မေ လက်ထက်မှာလည်း အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့ရဲ့ မဟာမိတ်ဆက်ဆံရေး အကောင်းဆုံးအနေအထားကို ဆက်ထိန်းထားနိုင်မယ်လို့ ယုံကြည်ကြောင်း အမေရိကန်သမ္မတ အိုဘားမားက ပြောလိုက်ပါတယ်။
လက်ရှိ အမေရိကန်သမ္မတ အိုဘားမား၊ နောက်တက်လာမယ့် အမေရိကန် သမ္မတသစ်တို့ဟာ ဗြိတိန်ဝန်ကြီးချုပ်သစ် ထရီဇာ မေနဲ့ ရှိရင်းစွဲ နှစ်နိုင်ငံဆက်ဆံရေး ရေရှည်တည်တံ့ခိုင်မာဖို့ အကောင်းဆုံး ကြိုးစားသွားကြမယ်ဆိုတာကို သမ္မတအိုဘားမားက အပြည့်အ၀ ယုံကြည်တယ်လို့ အိမ်ဖြူတော်ပြောခွင့်ရက ပြောပါတယ်။
ဇူလိုင် ၁၃ ရက်နေ့က ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်း တာဝန်က နုတ်ထွက်ခဲ့ပြီး ဗြိတိန်ပြည်ထဲရေးဝန်ကြီးဟောင်း ထရီဇာ မေက ဗြိတိန်ဝန်ကြီးချုပ်တာဝန် စတင်ထမ်းဆောင်တော့မှာပါ။
ထရီဇာ မေဟာ ၀န်ကြီးချုပ်ဟောင်း ဒေးဗစ် ကင်မရွန်းလက်ထက်မှာ အတွေ့အကြုံ အများဆုံး ၀န်ကြီးတဦးဖြစ်ပြီး အီးယူခေါင်းဆောင်တွေနဲ့ ဗြိတိန်နိုင်ငံရဲ့ အနာဂတ်အရေး အကောင်းဆုံး ညှိနှိုင်းဆောင်ရွက်သွားနိုင်မယ့်သူအဖြစ် အာဏာရ ကွန်ဆာဗေးတစ်ပါတီ အမတ်တွေက ထောက်ခံကြတာပါ။
ပြီးခဲ့တဲ့တပတ်ကတော့ ဗြိတိန်ဝန်ကြီးချုပ်နေရာအတွက် လက်ရှိ စွမ်းအင်ဝန်ကြီး အင်ဒရေ လီဆွမ် (Andrea Leadsom) နဲ့ ယှဉ်ပြိုင်ခဲ့ကြပေမယ့် အင်ဒရေလီဆွမ်က အလျှော့ပေးလိုက်တဲ့အတွက် ဗြိတိန်ဝန်ကြီးချုပ်ရာထူးကို ဆက်ခံမယ့် ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင် ဖြစ်လာပါတယ်။