အမျိုးသမီးကို မုဒိမ်းကျင့် အကြမ်းဖက်သည့်မြင်ကွင်း ထုတ်လွှင့်ခဲ့သည့်ရုပ်သံ ဘတ် ၅ သောင်း ဒဏ်ရိုက်ခံရ

ဓာတ်ပုံ - GMM25
7.1K
အမျိုးသမီးတဦးကို မုဒိမ်းကျင့် အကြမ်းဖက်တဲ့မြင်ကွင်း ထုတ်လွှင့်ခဲ့တဲ့ GMM 25 ထိုင်းတီဗွီချာနယ်ဟာ ဘတ် ၅ သောင်း ဒဏ်ရိုက်ခံခဲ့ရပါတယ်။
နာမည်ကြီး "Club Friday to be Continued” ဆိုတဲ့ ရုပ်သံစီးရီးဇာတ်လမ်းမှာ ပါဝင်တဲ့ မြင်ကွင်းဟာ ကိုယ်ကျင့်ပိုင်းဆိုင်ရာကို ဆန့်ကျင်ပြီး မတော်မလျော် မြင်ကွင်းကို ပြသတဲ့အတွက် အသံလွှင့်ဥပဒေကို ချိုးဖောက်ရာ ရောက်တယ်လို့ အမျိုးသား ရုပ်သံကော်မရှင် (အမ်ဘီအေ) က ဇူလိုင် ၁၁ ရက်နေ့မှာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အမျိုးသမီးကို လူကြမ်းတဦးက မုဒိမ်းကျင့်နေတဲ့မြင်ကွင်းကို တခြားအမျိုးသမီးတွေက ဗွီဒီယို ရိုက်ကူးနေတာ ရုပ်သံမှာ ထည့်သွင်းပြသခဲ့ပါတယ်။
တခြားမြင်ကွင်းတခုမှာလည်း အမျိုးသမီးရဲ့ ဦးခေါင်းကို မော်တော်ဆိုင်ကယ် အိပ်ဇောပိုက်နဲ့ ထိအောင် တွန်းထိုးနေတာလည်း ပါဝင်နေပါတယ်။
ဒီမြင်ကွင်းတွေကို မေလက ထုတ်လွှင့်ပြသသွားတာပါ။
ဒီရုပ်သံစီးရီးကို အရင်က အသက်အရွယ်မရွေး ကြည့်နိုင်တယ် ဆိုတာကနေ နောက်ပိုင်း ၁၈ နှစ်အထက်သာ ကြည့်နိုင်တယ်ဆိုတဲ့ အဆင့်ကို ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။