Home
ဆောင်းပါး
သန်း​ရွှေ အလွန် (၅)
DVB
·
September 26, 2011
ဗိုလ်ချုပ်မှူး​ကြီး​ဟောင်း​ ဦး​သန်း​ရွှေက​နေ ကာကွယ်​ရေး​ဦး​စီး​ချုပ် ရာထူး​ကို တရား​ဝင် လွှဲ​ပြောင်း​ပေး​လိုက်သလိုပဲ ကျန်တဲ့​ အုပ်ချုပ်​ရေး​ဆိုင်ရာ​တွေကိုလည်း​ စစ်ဗိုလ်ချုပ်​တွေက​နေပြီး​တော့​ ၂၀၁၀ နိုဝင်ဘာ ၇ ရက်​နေ့​ ​ရွေး​ကောက်ပွဲက​နေ အနိုင်ရခဲ့​တဲ့​ ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နှင့်​ ဖွံ့​ဖြိုး​ရေး​ပါတီက စစ်ဗိုလ်ချုပ်​ဟောင်း​ အမတ်​တွေဆီကိုလည်း​ လွှဲ​ပြောင်း​ပေး​လိုက်ပါ​တော့​တယ်။ ဦး​သန်း​ရွှေ မရှိ​တော့​တဲ့​ ​နောက်ပိုင်း​ မြန်မာ့​နိုင်ငံ​ရေး​မှာ တပ်မ​တော်ရဲ့​ အခန်း​ကဏ္ဍ မည်သို့​ ဆက်ရှိမလဲဆိုတာ တင်ပြပါမယ်။ မတ်လ ၃၀ ရက်​နေ့​မှာ သမ္မတသစ် ဦး​သိန်း​စိန် ဦး​ဆောင်တဲ့​ ပြည်​ထောင်စုဝန်ကြီး​ ၃၀ ဦး​အပါအဝင် ၃၅ ဦး​ပါ အစိုး​ရသစ်ကို ဖွဲ့​စည်း​ခဲ့​ပါတယ်။ အစိုး​ရသစ်မှာ အရပ်သား​ ဒုတိယသမ္မတ တဦး​နဲ့​ အရပ်သား​ ပြည်​ထောင်စုအဆင့်​ ဝန်ကြီး​ ၅ ဦး​နဲ့​ အရပ်သား​ ​ရှေ့​နေချုပ်တို့​ ပါဝင်ပါတယ်။ ယူနီ​ဖောင်း​ဝတ် ဒုတိယဗိုလ်ချုပ်ကြီး​တဦး​နဲ့​ ဗိုလ်ချုပ်နှစ်ဦး​ ပါဝင်ပြီး​တော့​ ကျန် အစိုး​ရ အဖွဲ့​ဝင်​တွေက​တော့​ စစ်ဗိုလ်ချုပ်​ဟောင်း​တွေ ဖြစ်ပါတယ်။ ပြည်နယ်နဲ့​တိုင်း​ ​အေး​ချမ်း​သာယာ​ရေး​နဲ့​ဖွံ့​ဖြိုး​ရေး​ကောင်စီကို ဖျက်သိမ်း​ခဲ့​ပြီး​တော့​ ခရိုင်မြို့​နယ်နဲ့​ ​ကျေး​ရွာအဆင့်​တွေကိုလည်း​ ဖျက်သိမ်း​ခဲ့​ပါ​သေး​တယ်။ ကာကွယ်​ရေး​ဝန်ကြီး​ဌာန၊​ ပြည်ထဲ​ရေး​ဝန်ကြီး​ဌာနနဲ့​ နယ်စပ်​ရေး​ရာဝန်ကြီး​ဌာနတို့​က လွဲရင် ကျန်ဝန်ကြီး​ဌာနအား​လုံး​ဟာ အရပ်သား​နဲ့​ အရပ်သား​ပြောင်း​စစ်ဗိုလ်ချုပ်​တွေ ဖြစ်လာခဲ့​ပါပြီ။ ပြည်နယ်နဲ့​တိုင်း​ဒေသကြီး​တွေမှာဆိုရင်လည်း​ ယခင်က စစ်တိုင်း​မှူး​ ဗိုလ်ချုပ်​တွေသာ အရပ်ဘက်ကိစ္စ​တွေကို စီမံကွက်ကဲ အုပ်ချုပ်ခဲ့​ပေမယ့်​ မတ်လ ၃၀ ရက်​နေ့​ကစလို့​ ပြည်နယ်နဲ့​တိုင်း​ဒေသကြီး​က အ​ရွေး​ကောက်ခံရတဲ့​ လွှတ်​တော်ကိုယ်စား​လှယ်​တွေနဲ့​ ပြည်နယ်နဲ့​တိုင်း​ဒေသကြီး​ အစိုး​ရအဖွဲ့​တွေကို အသစ် ဖွဲ့​စည်း​ခဲ့​ပါတယ်။ ပြည်နယ်နဲ့​တိုင်း​ဒေသကြီး​ အစိုး​ရအဖွဲ့​ ၁၄ ဖွဲ့​ရှိတဲ့​အနက် ၄ ဖွဲ့​မှာ အရပ်သား​ ဝန်ကြီး​ချုပ် ဖြစ်လာခဲ့​ပြီး​တော့​ အစိုး​ရအဖွဲ့​ ၁၀ ​နေရာမှာ အငြိမ်း​စား​ စစ်ဗိုလ်ချုပ်​ဟောင်း​က ဝန်ကြီး​ချုပ်​တွေ အသီး​သီး​ ဖြစ်လာခဲ့​ပါတယ်။ အရင်ရှိခဲ့​တဲ့​ တိုင်း​မှူး​ ဗိုလ်ချုပ်​တွေက​နေ အရပ်ဘက်အုပ်ချုပ်​ရေး​ကို လုပ်ကိုင်​နေရာက​နေ ​ရွေး​ကောက်ခံ လွှတ်​တော်ကိုယ်စား​လှယ်​တွေနဲ့​ ပြည်နယ်နဲ့​ တိုင်း​ဒေသကြီး​တွေရဲ့​ အရပ်ဘက်အုပ်ချုပ်​ရေး​ကို ​ပြောင်း​လဲလိုက်တာပါ။ စစ်တပ် အုပ်ချုပ်မှုက​နေ အရပ်သား​တွေဆီကို လွှဲလိုက်တယ်လို့​လည်း​ တနည်း​အား​ဖြင့်​ ​ပြောလို့​ရနိုင်ပါတယ်။ အရင်က စစ်တိုင်း​မှူး​တွေက အရပ်ဘက်အုပ်ချုပ်​ရေး​ကိစ္စ​တွေကို အမိန့်​ပေး​စေခိုင်း​ပြီး​ လုပ်​ဆောင်ခဲ့​တာ​တွေ ရှိ​ပေမယ့်​ အခုမရှိ​တော့​ဘူး​လို့​လည်း​ မြန်မာနိုင်ငံ​ရေး​ကို ​လေ့​လာ​စောင့်​ကြည့်​သူ​တွေက ​ပြောကြပါတယ်။ ဒါ​ပေမယ့်​ စစ်တပ်က အရပ်သား​ အုပ်ချုပ်​ရေး​မှာ မပါဝင်​တော့​ဘဲ စစ်တပ်မှာ ​နေ​တော့​မလား​ဆိုတာ ​မေး​ခွန်း​ထုတ်စရာပါပဲ။ စစ်တပ်က အရပ်ဘက်ကိစ္စ​တွေမှာ ဝင်​ရောက်စွက်ဖက်​တော့​မှာ မဟုတ်​တော့​သလို စစ်တပ်နဲ့​ ပတ်သက်တဲ့​ အ​ရေး​ကိစ္စ​တွေမှာ နိုင်ငံ​တော်အမြင့်​ဆုံး​ အစိုး​ရနဲ့​ အာဏာပိုင်အဖွဲ့​အစည်း​တွေက ဘယ်လို ဆုံး​ဖြတ်မလဲ။ ဒါ​ပေမယ့်​ မြန်မာ့​နိုင်ငံ​ရေး​ ​လေ့​လာသူ​တွေအဆိုအရ အခုချိန် မြင်​တွေ့​နေရတာ​တွေက​တော့​ စစ်တပ်က တိုင်း​ပြည်အာဏာရဲ့​ အ​နောက်ကို ​ရောက်​နေပြီး​လို့​ စစ်တပ်က​နေ အုပ်ချုပ်​ရေး​မှာ တိုက်ရိုက်ဆက်ဆံတာ​တွေ မရှိဘူး​လို့​ ​ပြောကြပါတယ်။ အ​မေရိကန်နိုင်ငံ ဘာက​လေတက္ကသိုလ်မှာ နိုင်ငံ​ရေး​သိပ္ပံပါရဂူဘွဲ့​ ​လေ့​လာသင်ယူ​နေတဲ့​ ကိုမင်း​ဇင်က​တော့​ စစ်တပ်ဟာ တိုင်း​ပြည်အုပ်ချုပ်​ရေး​ရဲ့​ ​နောက်ပိုင်း​ကို ​ရောက်ရှိသွား​တာနဲ့​ပတ်သက်ပြီး​ မြန်မာ့​ဆိုရှယ်လစ်လမ်း​စဉ်ပါတီ ​ခေတ်နဲ့​ ယှဉ်ပြီး​ သုံး​သပ်​ပြောဆိုပါတယ်။ “ကျ​နော်တို့​ ဒီမဆလ​ခေတ်နဲ့​ ပြန်ပြီး​တော့​ နှိုင်း​ယှဉ်ရင် မြန်မာ့​ဆိုရှယ်လစ်လမ်း​စဉ်ပါတီကို ​ပြောင်း​လိုက်တဲ့​အခါမှာ စစ်တပ် ဗိုလ်ချုပ်ကြီး​ ​နေဝင်း​က​နေပြီး​တော့​ ဦး​နေဝင်း​ ဖြစ်သွား​တဲ့​အခါမှာ စစ်တပ်ဟာ ​နောက်ပိုင်း​အခန်း​ကို ​ရောက်သွား​တာ ​တွေ့​ရပါတယ်။ ​ရှေ့​ထွက်လို့​ မရ​တော့​ပါဘူး​။ ​ရှေ့​ထွက်ကတဲ့​ သူမဟုတ်​တော့​ပါဘူး​။ ဒါ စစ်တပ်က ဝန်ကြီး​ချုပ်​တွေကို မကြာခဏဆိုသလို အ​ပြောင်း​အလဲ လုပ်တာ​တွေ ရှိခဲ့​တယ်။ အဲဒီ လူ​တွေကိုလည်း​ တခါ မြန်မာ့​ဆိုရှယ်လစ် လမ်း​စဉ်ပါတီထဲ ဆွဲသွင်း​တာ​တွေ ရှိခဲ့​တယ်။ အ​ခြေခံဥပ​ဒေ သ​ဘောအရက​တော့​ တိုင်း​ပြည်မှာ စစ်တပ်က အမျိုး​သား​နိုင်ငံ​ရေး​မှာ ဦး​ဆောင်မှု အခန်း​ကဏ္ဍမှာ ရှိရမယ်။ စစ်တပ်မှာ ဘာအခွင့်​ရေး​တွေ ညာအခွင့်​အ​ရေး​တွေနဲ့​ အ​ခြေခံဥပ​ဒေမှာ​တော့​ သူတို့​ ​ထောင့်​စေ့​အောင်လို့​ စစ်တပ်ရဲ့​ ဦး​ဆောင်မှု အခန်း​ကဏ္ဍကို ​ပေး​ထား​တာ ​တွေ့​သော်ငြား​လည်း​ လက်ရှိအ​ခြေအ​နေမှာ​တော့​ စစ်တပ်ဟာ ဒီ အ​ခြေခံဥပ​ဒေပါ အခွင့်​အ​ရေး​ကို လက်ကုန်သုံး​တာ မ​တွေ့​ရ​သေး​ပါဘူး​။ လက်ရှိ စစ်​ခေါင်း​ဆောင် ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်က သမ္မတ ဦး​သိန်း​စိန် အပါအဝင် အခု ဦး​ဆောင်​နေတဲ့​ လူ​တွေကို တစုံတရာ သူ့​ဘက်က ဒီလူ​တွေရဲ့​ ​ခေါင်း​ဆောင်မှုကို လက်ခံလိုက်နာတဲ့​ သ​ဘောလည်း​ ရှိလို့​ ဖြစ်ပါတယ်။ တနည်း​အား​ဖြင့်​ တချိန်ချိန်မှာ အရပ်သား​တွေပဲ ကြီး​စိုး​လာပြီး​တော့​ အတိုက်အခံအင်အား​စု​တွေ ပိုကြီး​စိုး​လာရင်​တော့​ အဲဒီ အာဏာအား​ပြိုင်မှုက ပုံစံတမျိုး​ပြောင်း​ပြီး​တော့​ စစ်တပ်က အဲဒီအခါကျရင်​တော့​ အ​ခြေခံဥပ​ဒေပါ အခွင့်​အ​ရေး​တွေကို လက်ကုန် သုံး​တာမျိုး​လည်း​ ရှိရင် ရှိလာနိုင်ပါတယ်။” အရပ်သား​ အစိုး​ရကို အာဏာ လွှဲ​ပြောင်း​ပေး​တာဟာ ၅ လ ​ကျော်သာ ရှိ​နေ​သေး​တဲ့​အတွက်လည်း​ပဲ တပ်မ​တော်ကာကွယ်​ရေး​ဦး​စီး​ချုပ် ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင်နဲ့​ စစ်တိုင်း​မှူး​တွေဟာ အခုချိန်မှာ​တော့​ ခပ်ငြိမ်ငြိမ်​နေ ​နေတာကို ​တွေ့​ရပြီး​တော့​ အာဏာကို ထုတ်ပြတာမျိုး​ကိုလည်း​ မ​တွေ့​ရ​သေး​ပါဘူး​။ အဲဒီလိုမျိုး​ စစ်တပ်က​နေ နိုင်ငံ​ရေး​မှာ ​နောက်တန်း​ကို ​ရောက်သွား​တယ်ဆိုတဲ့​ အ​ကြောင်း​အရင်း​တွေ ရှိတယ်လို့​လည်း​ စစ်တပ်နဲ့​ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေဆိုင်ရာ ​ဆောင်း​ပါး​တွေ​ရေး​သား​နေတဲ့​ ကိုထက်​အောင်က အခုလို သုံး​သပ်ပါတယ်။ “အာဏာတည်ပြီး​တဲ့​အချိန်မှာ အုပ်ချုပ်​ရေး​ပုံစံ​တွေ၊​ အာဏာခွဲ​ဝေမှု ပုံစံ​တွေက စစ်ဘက် အရပ်ဘက်ကို ​ပြောင်း​လဲသွား​တဲ့​အခါကျ​တော့​ အဓိက နိုင်ငံတကာ အသိုင်း​အဝိုင်း​မှာ မြန်မာပြည်ဟာ အ​ပြောင်း​အလဲ ဖြစ်ပါပြီ၊​ စစ်အုပ်ချုပ်​ရေး​ မဟုတ်​တော့​ပါဘူး​၊​ အရပ်သား​အုပ်ချုပ်​ရေး​ပါ ဆိုတာကို ကမ္ဘာကလက်ခံ​အောင် လုပ်ပြရမယ့်​အရာက သူတို့​ရဲ့​ အ​ရေး​ကြီး​ဆုံး​နဲ့​ ပထမဦး​ဆုံး​ ဦး​စား​ပေး​လုပ်ငန်း​ပဲ။ အဲဒီ​တော့​ ဒီလုပ်ငန်း​ကို အ​ကောင်အထည်​ဖော်ဖို့​အတွက်ဆိုရင် ကာကွယ်​ရေး​ဦး​စီး​ချုပ်က အာဏာတပြပြနဲ့​ ​ရှေ့​ထွက်​နေလို့​ မရဘူး။ လက်ရှိ သမ္မတဦး​သိန်း​စိန်က အရပ်သား​အစိုး​ရ ဖြစ်သွား​ပါပြီ။ သူ့​လက်ထဲမှာ အာဏာအရပ်ရပ်က ရှိပြီဆိုတာကို ပြဖို့​အတွက် အချိန်ဖြစ်တယ်။ ဒီလိုမျိုး​ သူတို့​ တွက်ဆပြီး​တော့​ စစ်တပ်က ​နောက်ကို အသာ​လေး​ဆုတ်ပြီး​တော့​ ငြိမ်​နေတာလည်း​ ဖြစ်​ကောင်း​ဖြစ်နိုင်တယ်။” ဒီ​နေရာမှာ ဗိုလ်ချုပ်မှူး​ကြီး​သန်း​ရွှေ လက်ထက် ​ရေး​ဆွဲခဲ့​တဲ့​ ၂၀၀၈ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေကို ပြန်ကြည့်​ဖို့​ လိုလာပါတယ်။ အဲဒီ အ​ခြေခံဥပ​ဒေမှာ တပ်မ​တော်ရဲ့​ အခန်း​ကဏ္ဍကို နိုင်ငံရဲ့​ နိုင်ငံ​ရေး​ဦး​ဆောင်မှု ကဏ္ဍမှာ ပါဝင်ရမယ်လို့​ ဆိုထား​ပါတယ်။ စစ်တပ်ရဲ့​ အခန်း​ကဏ္ဍကို အ​ခြေခံဥပ​ဒေမှာ သုံး​နေရာမှာ ​ဖော်ပြထား​ပြီး​တော့​ အဓိကအချက်က​တော့​ စစ်တပ်ဟာ စစ်တပ်ရဲ့​ ​ရေး​ရာကိစ္စ​တွေကို စစ်တပ်ကသာလျှင် လွတ်လပ်စွာ စီမံခန့်​ခွဲအုပ်ချုပ်ပိုင်ခွင့်​ ရှိရမယ့်​အချက်နဲ့​ အ​ရေး​ကြုံလာရင် မြန်မာနိုင်ငံရဲ့​ မည်သည့်​ဒေသကိုမဆို စစ်အုပ်ချုပ်​ရေး​ ​ကြေညာနိုင်သလို တိုင်း​ပြည်ရဲ့​ အုပ်ချုပ်​ရေး​အာဏာကိုလည်း​ သိမ်း​ယူနိုင်တယ်လို့​ ပါဝင်ပါတယ်။ အဲဒီ ဆိုလိုချက်က​တော့​ အရပ်သား​အစိုး​ရက ​သော်လည်း​ကောင်း​၊​ လွှတ်​တော်က ​သော်လည်း​ကောင်း​ စစ်တပ်ကိစ္စ​တွေကို စွက်ဖက် ပိုင်ခွင့်​မရှိသလို အချိန်မ​ရွေး​ အာဏာပြန်သိမ်း​နိုင်တယ်လို့​ အဓိပ္ပာယ်ဖွင့်​ဆိုလို့​ရပါတယ်။ အခုချိန်ထိ​တော့​ တပ်မ​တော်ဟာ အ​ခြေခံဥပ​ဒေပါ အခွင့်​အ​ရေး​တွေကို အသုံး​ချတာ​တော့​ မ​တွေ့​ရ​သေး​အတွက်လည်း​ စစ်ဘက်အရပ်ဘက် ဆက်ဆံ​ရေး​ ပိုမို​ကောင်း​မွန်​အောင်နဲ့​ပတ်သက်ပြီး​ ကိုမင်း​ဇင်က အခုလို သုံး​သပ်ပါတယ်။ “အခုအချိန်မှာ စစ်တပ်က အ​ခြေခံဥပ​ဒေပါ အခွင့်​အ​ရေး​တွေကို အဆုံး​အစွန်ထိ လက်ကုန်မသုံး​ဘဲနဲ့​ အခုလိုမျိုး​ ​နောက်ခံကား​ချပ်မှာပဲ ​နေတယ်။ စစ်တပ်ရဲ့​ အကျိုး​စီး​ပွား​၊​ စစ်တပ်ရဲ့​ အခွင့်​အ​ရေး​တွေ မထိခိုက်သ​ရွေ့​ အခုလိုပဲ ​နေတာ အ​ခြေအ​နေကလည်း​ တမျိုး​ကောင်း​ပါတယ်။ အဲဒါ ဘာ​ကောင်း​တာလဲ ဆို​တော့​ ဒီလို အချိန်မျိုး​မှာ အရပ်ဘက် အဖွဲ့​အစည်း​တွေ ခုနက​ပြောတဲ့​ လွှတ်​တော်တို့​၊​ ဗျူရိုက​ရေစီယန္တရား​တွေ တဆက်တည်း​ နိုင်ငံ​ရေး​အာဏာ အ​ဆောက်အအုံ​တွေ၊​ မီဒီယာ​တွေ၊​ အန်ဂျီအိုလို့​ ​ခေါ်တဲ့​ အစိုး​ရမဟုတ်တဲ့​ အဖွဲ့​အစည်း​တွေ ဒီ​နေရာ​တွေမှာ အရပ်သား​တွေ အ​နေနဲ့​က သူတို့​ရဲ့​ လုပ်ရည်ကိုင်ရည်၊​ သူတို့​ရဲ့​ အရည်အချင်း​၊​ သူတို့​ရဲ့​ ဦး​စီး​ ဦး​ဆောင်နိုင်စွမ်း​တွေကို ပြသခွင့်​ ရပါတယ်။ အဲဒီလို ပြသခွင့်​ ရခြင်း​အား​ဖြင့်​ စစ်တပ်အ​နေနဲ့​ မြန်မာပြည်မှာ အစဉ်အဆက်က စစ်အာဏာရှင်စနစ်နဲ့​ အုပ်ချုပ်လာတဲ့​အခါကျ​တော့​ စစ်တပ်က အရပ်သား​တွေကို မြင်တဲ့​အမြင် အင်မတန်မှ အထင်​သေး​ပါတယ်။ အရပ်သား​တွေက မညီညွတ်ဘူး​၊​ အရပ်သား​တွေလုပ်ရင် တိုင်း​ပြည်ပျက်မှာပဲ၊​ အရပ်သား​တွေမှာ အရည်အချင်း​မရှိဘူး​ဆိုတဲ့​ အမြင်မျိုး​ကို ​ပြောင်း​လဲသွား​အောင်လို့​ လွှတ်​တော်ထဲမှာပဲ ဖြစ်ဖြစ်၊​ အုပ်ချုပ်​ရေး​ယန္တရား​ထဲမှာပဲ ဖြစ်ဖြစ် ​ရောက်​နေတဲ့​ အရပ်သား​တွေက သူတို့​ရဲ့​ အရည်အချင်း​နဲ့​ သူတို့​ရဲ့​ ဦး​စီး​ ဦး​ဆောင်မှုကိုလည်း​ ပြသနိုင်တယ်။ အဲဒီနည်း​နဲ့​ တ​ရွေ့​ရွေ့​နဲ့​ အဆင့်​ဆင့်​ ​ပြောင်း​လဲချင်တဲ့​ လူ​တွေက​တော့​ ဒီလို နည်း​နဲ့​ အရပ်ဘက်နဲ့​ စစ်ဘက်ကြား​ထဲမှာရှိတဲ့​ ဆက်ဆံ​ရေး​ဟာ ပြန်ပြီး​ ​ကောင်း​လာနိုင်တယ်လို့​လည်း​ ကျ​နော်တို့​ ​ပြောနိုင်ဆိုနိုင်ပါတယ်။ ဒါက​တော့​ ကျ​နော်တို့​ ​ကောင်း​တဲ့​ဘက်က အပြုသ​ဘောဘက်က သုံး​သပ်တာ ဖြစ်ပါတယ်။” ပြည်နယ်နဲ့​တိုင်း​ ​ဒေသကြီး​အဆင့်​တွေမှာလည်း​ စစ်ဗိုလ်ချုပ်​တွေဟာ အုပ်ချုပ်​ရေး​ဆိုင်ရာ​တွေကို တိုက်ရိုက် အမိန့်​ပေး​တာ​တွေ မရှိဖူး​ပေမယ့်​ နယ်စပ်​ဒေသ​တွေမှာ စစ်တပ်နဲ့​အရပ်ဘက် ပြည်သူနဲ့​ ဆက်ဆံ​ရေး​မှာ ထူး​ခြား​တဲ့​ တိုး​တက်​ကောင်း​မွန်လာတယ် ဆိုတာ​တော့​ မ​တွေ့​ရ​သေး​ပါဘူး​။ သန်း​ရွှေအလွန် အပိုင်း​ (၆) မှာ​တော့​ ဗိုလ်ချုပ်မှူး​ကြီး​သန်း​ရွှေ​နောက်ပိုင်း​ စစ်တပ်နဲ့​ တိုင်း​ရင်း​သား​အ​ရေး​ ဆက်ဆံ​ရေး​တွေကို တင်ပြ​ပေး​သွား​ဦး​မှာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024