နိုင်ငံတောင်ပိုင်းတွင် အဆင့်မြင့်ဒုံးကျည် ကာကွယ်ရေးစနစ် ဖြန့်ကြက်မည်ဟု ကိုရီးယားကြေညာ

ဓာတ်ပုံ - ရိုက်တာ
အဆင့်မြင့် အမေရိကန် ဒုံးကျည်ကာကွယ်ရေးစနစ်ကို နိုင်ငံတောင်ပိုင်းဒေသမှာ ဖြန့်ကြက်မယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၁၃ ရက်နေ့မှာ ကြေညာပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယားနိုင်ငံတို့က ပြီးခဲ့တဲ့ သောကြာနေ့က အမေရိကန်၏ အမြင့်ပျံ လေကြောင်းရန်ကာကွယ်ရေးစနစ် (Terminal High Altitude Area Defense system – THAAD) ဖြန့်ကြက်မှုကို ကြေညာခဲ့ပါတယ်။ ဒီစနစ်ဟာ မြောက်ကိုရီးယားနိုင်ငံက ထပ်တလဲလဲ နျူကလီးယားစမ်းသပ်မှု၊ ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှုတွေနဲ့ ခြိမ်းခြောက်နေမှုကို တန်ပြန်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ဒီ THAAD စနစ်ဟာ Gyeongsang ခရိုင်တွင်းက Seongju လေတပ်အခြေစိုက်စခန်းမှာ တပ်ဆင်မယ်လို့ ဇူလိုင် ၁၃ ရက်နေ့က ပြောပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ စစ်ရေးထိရောက်မှုနဲ့ အရပ်သားတွေ လုံခြုံဖို့ ဒီလိုဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။ ဒီကာကွယ်ရေးစနစ်ကို ဖြန့်ကြက်တဲ့အတွက် မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုကနေ တောင်ကိုရီးယားနိုင်ငံ ပိုင်နက်ကို ပိုမိုကာကွယ်နိုင်မှာဖြစ်သလို ကာကွယ်ရေးစွမ်းရည်လည်း သိသိသာသာ တိုးတက်ကောင်းမွန်လာမှာ ဖြစ်တယ်လို့  တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ဖြည့်စွက်ပြောပါတယ်။ ဒီစနစ်ဖြန့်ကြက်မယ့် အစီအစဉ်ကို ပြီးခဲ့တဲ့ သောကြာနေ့က ကြေညာခဲ့တာ ဖြစ်ပါတယ်။ ကြေညာအပြီး နှစ်ရက်အကြာ တနင်္လာနေ့မှာတော့ မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားနိုင်ငံမှာ အမေရိကန် အဆင့်မြင့်ဒုံးကျည်ကာကွယ်ရေးစနစ် ဖြန့်ကြက်မှုကို ကိုယ်ထိလက်ရောက် တုံ့ပြန်မယ်လို့ ကိုရီးယား ပြည်သူ့တပ်မတော် အမြောက်တပ်ဖွဲ့ စစ်ဦးစီးဗျူရိုက ကြေညာခဲ့ပါတယ်။ သူတို့စမ်းသပ်ပစ်ခတ်တဲ့ ပဲ့ထိန်းဒုံးကျည် တိုးတက်မှုဟာ မိမိနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ကာကွယ်ဖို့အတွက် ဖြစ်တယ်လို့ ဖော်ပြခဲ့ပြီး တောင်ကိုရီးယားနိုင်ငံမှာ THAAD ဖြန့်ကြက်ချတဲ့ နယ်မြေကို အတည်ပြုပြီးတာနဲ့ လက်တုံ့ပြန်မယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံကတော့ ဒီဖြန့်ကြက်မယ့် အစီအစဉ်ဟာ ကိုရီးယားကျွန်းဆွယ် တည်ငြိမ်မှုကို ပျက်ပြားစေလိမ့်မယ်၊ ဒေသတွင်း လုံခြုံရေးချိန်ခွင်လျှာကို ပျက်ယွင်းစေလိမ့်မယ်လို့ အစောပိုင်းကတည်းက ပြောဆို ကန့်ကွက်ထားပါတယ်။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယားနိုင်ငံတို့က ၂၀၁၇ ခုနှစ် နှောင်းပိုင်းမှာမှ ဒီစနစ်ကို စတင်အသက်ဝင်လည်ပတ်ဖို့ စီစဉ်ထားကြပါတယ်။ Seongju ဒေသခံတွေကတော့ သူတို့နေထိုင်ရာဒေသကို မြောက်ကိုရီးယားနိုင်ငံရဲ့ ပစ်မှတ်ထား တိုက်ခိုက်ရာဒေသ ဖြစ်မှာကို စိုးရိမ်မှုနဲ့ ရေဒီယို လျှပ်စစ်သံလိုက်လှိုင်းတွေကြောင့် ကျန်းမာရေးပြဿနာ ဖြစ်လာမှာကို ထောက်ပြ ကန့်ကွက်ကြတာ ဖြစ်ပါတယ်။ ဒေသဆိုင်ရာ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေနဲ့ Seongju ဒေသခံပြည်သူ ၂၀၀ ခန့်ဟာ ဒီအစီအစဉ်ရပ်တန့်ရေး တောင်းဆိုဖို့အတွက် ဆိုးလ်မြို့တော်မှာရှိတဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို ဘတ်စ်ကားတွေနဲ့ သွားရောက်ခဲ့ကြပါတယ်။ Seongju ဒေသမှာတော့ ဒေသခံတွေက ဒီ ဒုံးကျည်စနစ် ကာကွယ်ရေးစနစ် ဖြန့်ကြက်မယ့်အပေါ် ကန့်ကွက် ဆန္ဒပြကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up