A d v e r t i s e m e n t With Us

မြို့ပတ်ရထား အဆင့်မြှင့်တင်ခြင်းအတွက် အမေရိကန်ဒေါ်လာ ၂၀၆ သန်း သုံးစွဲ

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၂၀၆ သန်း အကုန်အကျခံပြီး ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။ ဒီစီမံကိန်းကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ ချေးငွေနဲ့ ဆောင်ရွက်နေတာဖြစ်ပြီး ၂၀၁၄ ခုနှစ်ကတည်းက ဆောင်ရွက်နေတဲ့ JICA နဲ့ ရန်ကုန်စည်ပင်သာယာရေးကော်မတီ ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ မြို့ပြဖွံ့ဖြိုးမှု မာစတာအစီအစဉ်ရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းအတွက် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်လေ့လာချက် (အီးအိုင်အေ) နဲ့ ပတ်သက်ပြီး ပြည်သူ့သဘောထား၊ ပြည်သူ့အမြင်တွေ ရယူနေတာပါ။ “ကျနော်တို့က မြို့ပတ်လေးတခုကိုပဲ ၂၀၆ သန်း အိုဒီအေပဲ ရှိသေးတယ်။ အခုက Study အဆင့်ပဲ ရှိသေးတာကိုး။ ပြည်သူကို ချပြပြီးတော့ Public Hearing လုပ်တာပေါ့” လို့ မြန်မာ့မီးရထား (အောက်မြန်မာပြည်) အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက ပြောပါတယ်။ ဇူလိုင် ၁၂ ရက်နေ့ကလည်း ရန်ကုန်မြို့မှာ မြန်မာ့မီးရထား တာဝန်ရှိသူတွေနဲ့ ရထားလမ်းတလျှောက် မှီတင်းနေထိုင်သူတွေ တွေ့ဆုံခဲ့ကြပါတယ်။ ရထားလမ်းဘူတာမှာ ဈေးရောင်းချသူတွေကတော့ စီမံကိန်းကြောင့် သူတို့ လူနေမှုဘဝတွေ ထိခိုက်မှာကို စိုးရိမ်နေကြပါတယ်။ “မောင်းထုတ်ရင်လည်း သွားရမှာပဲ။ အခုဆိုရင် ပွင့်လင်းမြင်သာမှု အကုန်လုံးကို နစ်နာအောင် မလုပ်တဲ့အတွက်တော့ အဆင့်မြင့်ဘူတာရုံကြီး၊ မီးရထားဘူတာနဲ့ လွတ်ကင်းတဲ့နေရာ နီးနီးနားနားပေါ့နော်၊ ငါးပေလောက်ပေါ့၊ ဈေးတဗန်းလောက် ရောင်းလို့ရတဲ့ နေရာလေး သပ်သပ်ရပ်ရပ်လေး လုပ်ပေးရင် ကျေနပ်ပါတယ်” လို့ ကံဘဲ့မြို့ပတ်ရထားဘူတာမှာ ဈေးရောင်းချနေတဲ့ မတင်တင်ထွေးက ပြောပါတယ်။ လက်ရှိ ရန်ကုန်မြို့မှာ အသုံးပြုနေတဲ့ မြို့ပတ်မီးရထားလမ်းတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ခန့်က တည်ဆောက်ခဲ့တဲ့ လမ်းတွေဖြစ်ပြီး သံချေးစားမှုနဲ့ သစ်သားဇလီဖားတုံးတွေ ဆွေးနေမှုကြောင့် အစားထိုးလဲလှယ်မူတွေ ပြုလုပ်နေရတာပါ။ ရန်ကုန်မြို့ရဲ့ မြို့ပတ်ရထားစီးသူ အရေအတွက်က လက်ရှိမှာ ၇ သောင်း ၃ ထောင်ကျော် ရှိပြီး ၂၀၂၂ ခုနှစ်မှာ ၂ သိန်း ၆ သောင်းကျော်မယ်လို့ မြန်မာ့မီးရထားက ခန့်မှန်းထားပါတယ်။ ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းကို ၂၀၁၆ ခုနှစ်မှာ စတင်ဆောင်ရွက်မှာဖြစ်ပြီး ၂၀၂၀ ခုနှစ်အထိ ဆောင်ရွက်သွားမယ်လို့လည်း မြန်မာ့မီးရထားက ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up