တကာ၊ တကာမတွေ သောကမရောက်ရအောင် သုံးသပ်လုပ်ကြမှာပါ - ဆရာတော် ဦးဇ၀န
အေးနိုင်
·
July 13, 2016
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ဗဟို) ကအမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ကို သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းစည်းကမ်းနှင့် ညီညွတ်သည့်အဖွဲ့အစည်း မဟုတ်ကြောင်း ဇူလိုင်လ ၁၂ ရက်နေ့ညက ကြေညာခဲ့ပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု နယူးယော့ခ်ပြည်နယ်မှာ သီတင်းသုံးနေတဲ့ ဆရာတော် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာပါဝင်ခဲ့တဲ့ ဦးဆောင်သံဃာတပါးဖြစ်တဲ့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ဦးဆောင်ဆရာတော်တပါးဖြစ်တဲ့ ဆရာတော် ဦးဇ၀နကို ဒီဗွီဘီက မေးမြန်းလျောက်ထားခဲ့ပါတယ်။
အခုမဘသ ကိစ္စနဲ့ပတ်သက်ပြီးတော့ ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်း စင်ကာပူကနေပြီးတော့ စပြီး ပြောလိုက်တဲ့စကားကနေစပြီးတော့ ရက်ပိုင်းအတွင်းမှာကိုပဲ မဘသ အဖွဲ့ဟာ သံဃာ့ စည်းမျဉ်းစည်းကမ်းနဲ့ မညီတဲ့အဖွဲ့ဆိုပြီးတော့ မဟနက ကြေညာတဲ့အဆင့်ပေါ့။ ဒါဘုန်းဘုန်း လည်း တစိုက်မတ်မတ် ကြည့်နေသုံးသပ်နေတာ တွေ့ရတယ်လေ။ အဲဒီတော့ ဒီဆုံးဖြတ်ချက်က မြန်မြန်ဆန်ဆန် ဖြစ်ပေါ်လာ ပုံနဲ့ မဘသရဲ့ အလားအလာကို ဘုန်းဘုန်းပြောပြပါဘုရား။ ဘယ်လိုမျိုးမြင်လဲဘုရား။
“ဦးဇင်းထင်တယ် မဘသ စတင်ပေါ်ပေါက်လာကတည်းကိုက ပါတီတခုရဲ့ ကျောထောက် နောက်ခံနဲ့ ပါတီတခုကနေ သူ့ပါတီအကျိုးစီးပွားအတွက် အသုံးချဖို့ဆိုတာကို အကြောင်းပြု ပြီးတော့၊ သံဃနာယက ဆရာတော်တွေဆိုတဲ့ဟာကတော့ နိုင်ငံတော်အာဏာရှိတဲ့သူတွေရဲ့ ဖိအားတခုခုရှိခဲ့ရင် နိုင်ငံတော်သံဃနာယက မိမိတို့ ဆုံးဖြတ်ချက် အတိုင်း မချမှတ်နိုင်တာ လားပေါ့။ ဒါပေမယ့် သံဃနာယကခွင့်ပြုထားတဲ့ ခွင့်ပြုချက်ထဲမှာ သူ့လုပ်ထုံးလုပ်နည်းအရ ခွင့်ပြုထားတာ။ သူအခု ကြေညာ လိုက်တဲ့ဟာတွေက အမှန်တွေဖြစ်နေတယ်။ ဘာလို့လဲ ဆိုတော့ မဘသအဖွဲ့ကြီးကို သူဘယ်တုန်းကမှ လက်မခံခဲ့ဘူး၊ မထောက်ခံခဲ့ဘူးဆိုတာကလည်း သံဃနာယက တရားဝင် စာရွက်စာတမ်း၊ ရုံးလုပ်ထုံးလုပ်နည်း အရ လက်မခံခဲ့ဘူးဆိုတဲ့ဟာက အသေအချာဖြစ်နေတယ်။ ဖြစ်နေတဲ့အခါကျတော့ ဦးသိန်းစိန် လက်ထက်က မဘသနဲ့ မဟန ဆရာတော်တွေနဲ့ ပွဲတွေဘာတွေကို ပြုလုပ်တာတွေ့ရပေမယ့် ဒါတရားဝင် လုပ်ခဲ့တာ မဟုတ်ဘူး ဆိုတဲ့ အဓိပ္ပာယ်မျိုး သက်ရောက်သွားတာပေါ့နော်။ ဘာလို့လဲ ဆိုတော့ အဲဒီပြုလုပ်ထားတဲ့ ပြုလုပ်ချက်တွေအကုန်လုံးဟာ သူတို့သံဃာတော်တွေအားလုံးရဲ့ သဘော တူညီချက်လက်မှတ် တွေ ထိုးထားတာတွေ၊ စည်းကမ်းချက်တွေနဲ့ လုပ်ထားတာတွေ မရှိဘူး၊ အဖွဲ့တဖွဲ့လုပ်ထားတဲ့ ဟာ သြ၀ါဒလာခံယူလို့ လာပြီးသြ၀ါဒပေးလိုက်တာလောက်ပဲ ရှိတယ်။ ဒါပေမယ့် လို့ အဲဒီဟာကို သူ့ကိုခွင့်ပြုလိုက်တဲ့သဘောနဲ့ ပြုလုပ်လိုက်တာမဟုတ်ဘူး၊ သူ့ရဲ့လုပ်ထုံးလုပ်နည်း တွေအရ ခွင့်ပြုလိုက်တာမဟုတ်ဘူးဆိုတဲ့ သဘောကို မဟန ဆရာတော်တွေရဲ့ ကြေညာချက်မှာ သွားတွေ့ရတဲ့အခါကျတော့ ဦးသိန်းစိန်လက်ထက်ကတည်း ကိုက တရားမ၀င်ဘူးဆိုတဲ့ဟာ သူ့ဟာသူ ရှိထားပြီးသား။ နောက်ပြီးတော့ ဦးဇင်းတို့သိနေတဲ့ဟာ တခုရှိတယ်။ မဟန ဆရာတော်တွေထဲက တချို့ဆရာတော်တွေနဲ့ ဦးဇင်းတို့ ရင်းနှီးတာပေါ့။ သူတို့ရဲ့ ပြောကြား ချက်အရ သူတို့ကိုယ်တိုင်ကလည်း မဘသ ကို လက်မခံဘူး။ မဘသ လုပ်ရပ်ကို မကျေနပ်ဘူး ဆိုတာ အဲဒီ မဟနဆရာတော်တွေကြားထဲမှာ ရှိနေတယ်။ အခုရွေးကောက်ပွဲ နိုင်ပြီးတဲ့ အစိုးရ လက်ထက်ကျတော့ သံဃနာယကတွေရဲ့ အလုပ်ဟာ သံဃနာယကတွေရဲ့ အဖွဲ့ပဲပြုလုပ်ရမယ် ဆိုတဲ့ သံဃာတော်တွေရဲ့ အလုပ်ဟာ သံဃာတော်တွေပဲ လုပ်ရမယ်ဆိုတဲ့ မူက NLD မှာ ရှိထားတာဆိုတော့ NLD က သံဃာတော်တွေရဲ့ ကိစ္စမှာ ဘာမှဖိထားပေးပြီး ၀င်ရောက်မှာ မဟုတ်ဘူး။ သူတို့ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်းပဲ ဆုံးဖြတ်ဖို့အတွက် နည်းလမ်းတွေ အတိုင်း ခွင့်ပြုနေမှာပဲ။ အဲဒီဟာက သိထားတယ်။ NLD ရဲ့ မူဝါဒက သံဃာတော်တွေရဲ့ အရေးကိစ္စမှာ ၀င်ရောက်မှု စွက်ဖက်မှုမလုပ်ဘူးဆိုတဲ့ဟာက NLD ရဲ့ မူဝါဒအရ သူ့အတိုင်း ကျင့်သုံးနေတယ်ဆို တာအမှန်ပဲ။ ဦးဖြိုးမင်းသိန်းစပြီးတော့ စင်ကာပူမှာ စဖြစ်တယ်။ ဖြစ်ပြီးတော့ ဒီမှာ မဘသ ဆရာတော်တွေက အနာပေါ်တုတ်ကျသလိုဖြစ်ပြီး ဆတ်ဆတ်ထိမခံဘဲနဲ့ အွန်လိုင်းစာမျက်နှာ တွေပေါ်မှာ ရေးသားထာတွေကလည်း ပျံ့နှံ့ပြီးတော့ ထောက်ခံတဲ့ဘက်ကလည်း ထောက်ခံ သလို၊ မထောက်ခံတဲ့ ဘက်ကလည်း မထောက်ခံသလို အကြီးအကျယ် ပွက်လောရိုက်ပြီး ဖြစ်နေတဲ့ အချိန်အခါမှာ သံဃနာယက ဆရာတော်တွေအနေနဲ့ အဖြေတစုံတခု ပေးရမယ် ဆိုတာကတော့ ဒါက ပွက်လောရိုက်နေတဲ့ အခြေအနေကို ဒီတိုင်းကြီးထားလိုက်ရင် လည်း ဒါမဖြစ်သင့်တဲ့ကိစ္စဆိုတော့လေ သံဃနာယက ဆရာတော်တွေက သူတို့အဖြေပေး ရတော့မယ့် အခြေအနေဟာ အမြန်ဆုံး ရောက်သွားတာပေါ့နော်။ ပွက်လောရိုက်နေတဲ့ အခြေအနေပေါ် မူတည်ပြီးတော့ ရောက်သွားတဲ့အခါကျတော့ နဂိုကတည်းကိုက အခံကိုက သံဃာ့ စည်းမျဉ်းစည်းကမ်းနဲ့ မညီဘူးဆိုတာ ရှိထားပြီးသားဖြစ်နေတော့ အဲဒီဟာကို တခါတည်းကို ကြေညာလိုက်တယ်လို့ ဦးဇင်းထင်တယ်။ အခုပိုဆိုးသွားတာက သံဃနာယက ဆရာတော်တွေ မကြေညာခင် မဘသရဲ့ သတင်းစာရှင်းလင်းပွဲ ၂ ခါလုပ်တယ်ပေါ့။ အဲဒီ နှစ်ခါလုံးရဲ့ အဖြေတွေက ပြောင်းပြန်ဖြစ်သွားတာပေါ့နော်။ ဒီနေ့ ရှေ့ကနေပြီးတော့ ကြေညာချက် ထုတ်တယ်။ နောက်ကနေပြီးတော့ အမှားကြီးဖြစ်နေတဲ့အခါကျတော့ ဦးဇင်းတို့ ငယ်ငယ်က ဟာသတွေပြောကြသလိုပေါ့။ ဗေဒင်တွက်တဲ့သူရဲ့ ဆိုင်းဘုတ်နောက်ကနေပြီးတော့ မှန်ဘောင် ရောင်းတဲ့သူက မှန်ဘောင်တွေလိုက်ရောင်းတာလေ။ ဘဲဥရောင်းတဲ့ ဘဲဥသည် နောက်ကနေ ပြီးတော့ ပုတ်ရောင်းတဲ့သူက နောက်ကလိုက်တာ။ ရှေ့က ဗေဒင်ဆို နောက်က မှန်ဘောင်ပေါ့။ ရှေ့က ဘဲဥဆို နောက်ကပုတ်ပေါ့ အဲလိုကို ဖြစ်နေတာ။ ရှေ့က မဘသက သူ့ဟာ သံဃာ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ညီအောင်လုပ်ထားပါတယ်လို့။ စည်းမျဉ်းစည်းကမ်းတွေနဲ့ လုပ်တယ် ဘာတို့ညာတို့ပေါ့။ ဘယ်လောက်ဥပဒေနဲ့ ညီတယ်လို့ ဘယ်လောက် ကြွေးကြော်နေ ကြွေးကြော်နေ မဘသဆရာတော်တွေရဲ့ ကြေညာချက် အကုန်လုံးကို မဟန ဆရာတော်ပေါ့။ နိုင်ငံတော်သံဃနာယကဆရာတော်တွေရဲ့ ကြေညာချက်တခုတည်းနဲ့ကို တကယ့်ကို လိမ်ညာနေတဲ့ အဖွဲ့အစည်းအဖြစ်ကို လူထုကမြင်သွားကြတာပေါ့။ အဲဒီဟာကတော့ သံဃာတော်တွေရဲ့ ပုံရိပ်ကမကောင်းဘူးပေါ့။ သံဃာတော်တွေဟာ ငါတို့ကို လိမ်တတ်ပါလား ညာ တတ်ပါလားလို့ လူတွေရဲ့ အထင်မှာမြင်သွားရင် အခြားသောသံဃာတော်တွေအတွက်ပါ အကုန်လုံး အတွက် သာသနာကြီးတခုလုံးအတွက် မကောင်းတဲ့ပုံရိပ်ကြီးဖြစ်သွားတာတော့ တော်တော်ဝမ်းနည်း စရာကောင်းတာပေါ့နော်။”
အဲ့တော့ တပည့်တော် တွေးမိတဲ့အထဲမှာ မဘသအဖွဲ့အစည်းကြီးက အထဲမှာစတင်ပေါ်ပေါက် လာကတည်းကနေပြီးတော့ ဒီဆရာတော်ကြီးတွေ အထဲမှာဆိုရင်လည်း ဒုဥက္ကဋ္ဌဆရာတော်တွေ ထဲမှာ သီတဂူဆရာတော်ဘုရားကြီးတွေလိုမျိုး ဆရာတော်ကြီးတွေပါတယ်ဆိုတော့လေ။ အဲဒီလိုမျိုးပါခဲ့တဲ့ အခြေအနေက မဘသကဆက်ပြီးတော့ မဟန ကြေညာချက်ကြောင့်ပေါ့လေ မဘသ အဖွဲ့က ဆက် လက်ရပ်တည်မလား၊ ဖျက်သိမ်းမလား အဲဒါလည်း ရှင်းရှင်းလင်းလင်း မတွေ့ရလို့ဘုရား။ အဲဒါ ဘယ် လိုမြင်လဲဘုရား။
“အဲဒီဟာကတော့ ဦးဇင်းတို့က ဘေးကထိုင်ပြီး ဝေဖန်စောင့်ကြည့်နေရတဲ့အဆင့်ကိုး။ အဲလောက်ပဲရှိတာ။ ဒီသံဃာတော်ကြီးတွေကို တချို့ဆရာတော်ကြီးတွေပါတယ်။ ဦးဇင်းက မဘသ တဖွဲ့လုံးကို အဆိုးမမြင်ပါဘူး။ ဘယ်လိုဖြစ်လို့လဲဆိုတော့ မဘသ ဆရာတော်တွေထဲမှာ တကယ် တိုင်းချစ်ပြည်ချစ်တဲ့စိတ်ရှိပြီးတော့ တိုင်းပြည်ကိုကာကွယ်ချင်တဲ့စိတ်ပေါ့နော်။ အမျိုးသားရေးစိတ်ပေါ့။ ဦးဇင်းတို့ ထောင်ထဲနေတဲ့အခါတုန်းက ထောက်လှမ်းရေးတွေက ပြောတယ်။ နိုင်ငံရေးလုပ်တဲ့သူတွေ အားလုံးမှာ တူညီတဲ့အချက်တချက်ရှိတယ်ဆိုပြီးတော့ ထောက်လှမ်းရေးတွေက ဦးဇင်းတို့ကိုပြောပြ တယ်။ ဘာလဲဆိုတော့ အကုန်လုံးက တိုင်းပြည်ကို တော်တော်ချစ်ကြတယ်ဗျတဲ့။ ထောက်လှမ်းရေး တယောက်က ဦးဇင်းကို အဲလိုပြောဖူးတယ်။ ထောက်လှမ်းရေး ဗိုလ်မှူးပေါ့နော်။ အခု မဟန ဆရာတော်တွေရဲ့ဟာက အပြစ်မမြင်ဘူး၊ အပြစ်မမြင်ဘူးဆိုပေမယ့်လို့ တိုင်းပြည်ကို ချစ်တယ်ဆိုတာ အမှန်အကန်ပဲဆိုတာ တော်တော် များများ ဆရာတော်တွေ ဒီထဲမှာရှိနေတယ်ဆိုတာ လက်ခံတယ်။ တချို့ ဆရာတော်တွေကတော့ ဒီမဘသထဲဝင်ရတာဟာ လာဘသက္ကရသီလောဘလို့ ခေါ်တဲ့ဟာကြောင့် တချို့က ပါဝင်သွား ကြတာတွေများတယ်ဆိုတာ ဦးဇင်းအနေနဲ့ သွားတွေ့ရတယ်ပေါ့နော်။ လာဘ်လာဘတွေက အင်မတန်ပေါများအောင် ရနိုင်တဲ့အခွင့်အရေးတွေကို မဘသ ဓမ္မကထိက တပါးဖြစ်သွားရင် အခွင့်အလမ်းတွေ ပိုလာတယ်ဆိုတာ တွေ့ရတယ်။ ရိုးရိုးသံဃာတော်တွေ တရားပွဲတပွဲဖြစ်ဖို့ မလွယ်ပေမယ့် မဘသ ဆရာတော်တွေ တရားပွဲလုပ်တော့မယ်ဆိုရင် တကယ်အာဏာပိုင်ဖြစ်တဲ့ ရပ် ကွက် လူကြီးတွေကအစ ကြီးကြပ်ပြီးတော့ တရားနာပရိသတ်တွေ ဖိတ်တာတို့ဘာတို့ မလာမနေရပေါ့ ဗျာ။ အဲဒါမျိုးတွေ ပြုလုပ်တယ်ဆိုတာ ဦးဇင်းတို့ သတင်းတွေကြားရတော့ မဘသ ဆရာတော်တပါးအတွက် တရားပွဲ၊ တရားပွဲတွေရဖို့ အခွင့်အလမ်းတွေက အများကြီးဖြစ်လာတဲ့ အခါကျတော့ အဓိက သံဃာတော်တွေ ရိုးရိုးသားသား သာသနာကို စောင့်ရှောက်ချင်တာ မဟုတ်ဘဲနဲ့ လာဘ်လာဘကို ငဲ့ကွက်ပြီး သာသနာကိုစောင့်ရှောက်ချင်တဲ့ သံဃာတော်တွေ အတွက်ကတော့ အခွင့်အလမ်းကြီးတခု ဖြစ်သွားတာပေါ့။ ကျော်ကြားမှုဆိုတာကလည်း နေရာတကာ တရားပွဲတွေဘာတွေ ဖြစ်တဲ့အခါမှာ ကျော်ကြားမှုဆိုတာလည်း ရနိုင်တာပေါ့နော်။ အဲဒီတော့ ဂုဏ်သတင်းတွေ၊ ပစ္စည်းဥစ္စာတွေအကုန်လုံး ဟာလည်း သူတို့ကို ဆွဲဆောင်နိုင်တဲ့ ဆွဲဆောင်မှုတခုဖြစ်နေတဲ့အခါကျတော့ မဘသထဲမှာ အမျိုးဘာ သာသာသနာကို စောင့်ရှောက် ချင်တဲ့ ပုဂ္ဂိုလ်တွေရှိသလို၊ အဲဒီလို လာဘသက္ကာရကိုမျှော်မှန်းပြီးတော့ ၀င်တဲ့သူတွေလည်း ရှိတယ်။ ဒါပေမယ့် အမျိုးဘာသာသာသနာကို စောင့်ရှောက်လို့ သူတို့ကို မျိုးချစ် စိတ်ဓာတ်ကို ချီးကျူးတယ်ဆိုပေမယ့်လို့ သူတို့ရဲ့ မျိုးချစ်ကိုကာကွယ်ပုံ ကာကွယ်နည်းကတော့ ဦးဇင်း လုံးဝလက်မခံနိုင်ပါဘူး။ သူတို့ဖွင့်ဆိုတဲ့ အမျိုးဘာသာသနာတို့တဲ့ အနက်အဓိပ္ပာယ်ကိုလည်း လုံးဝ လက်မခံနိုင်ပါဘူး။ ဒါကြောင့်မို့ မဘသဟာ အထဲကိုဝင်လိုက်ပြီဆိုတာနဲ့ မဘသအထဲကို ၀င်လိုက်ပြီဆို တာနဲ့ သူတို့ဟာ ကောင်းသော ရည်ရွယ်ချက်လို့ ဘယ်လိုပဲပြောနေပြောနေ၊ ကောင်းသောအမျိုးဘာ သာသာသနာ ရည်ရွယ်ချက်ရှိတယ်ပြောနေပြောနေ သူတို့လုပ်တဲ့ အလုပ်တွေအကုန်လုံးဟာ အလွဲ အမှားတွေဖြစ်တဲ့အတွက်ကြောင့်မို့ မဘသအဖွဲ့ကိုရော သူတို့ရဲ့အမျိုးဘာသာ သာသနာ ကိစ္စတွေကို ဦးဇင်းတွေ့မြင်ရတာဖြစ်တယ်ပေါ့နော်။ မဘသ ဖြစ်တိုင်း လူဆိုးတွေမဟုတ်ဘူးဆိုတာကိုတော့ ဦးဇင်း အနေနဲ့ လက်ခံထားပါတယ်။”
တင်ပါ့ဘုရား။ မဟနရဲ့ ကြေညာချက်မထွက်ခင်မှာ နေ့ခင်းပိုင်းမှာ မဘသကနေပြီးတော့ ကြေ ညာချက်ထွက်တယ်ပေါ့နော်။ တပည့်တော်တို့ တွေ့တာက ဒီမတိုင်ခင် ၇ ရက်နေ့က ကြေညာချက်ထဲ မှာကျတော့ သုံးချက်တွေ့တယ်။ ပထမ တချက်က ဒီမဘသအဖွဲ့ဟာ ဂိုဏ်းပေါင်းစုံ သံဃာအစည်း အဝေးကြီးကနေပြီးတော့ အသိအမှတ်ပြုကြတယ်ဆိုတဲ့ တချက်ရယ်၊ နောက်တခုက သံဃာတွေရဲ့ စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းတွေနဲ့ အညီဖြစ်တယ်ဆိုတဲ့ ဒုတိယတချက်ရယ်၊ နောက်ဆုံး တချက်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ အသင်းအပင်းအဖွဲ့အစည်းတွေ ဖွဲ့စည်း ပိုင်ခွင့်ရှိတယ်ဆိုတဲ့ အချက်ရယ် ဒီသုံးချက်ကို ဇောင်းပေးပြီးတော့ ဒါကြောင့်မို့ သူတို့အဖွဲ့ကြီးကရှိနေ တယ်ဆိုပြီးတော့ မဘသ ရဲ့ ၇-၇-၂၀၁၆ မှာ တွေ့ရတယ်။ မနေ့ကတုန်းက မြန်မာ့အသံကနေလွှင့်တဲ့ မဟနရဲ့ ထုတ်ပြန်ကြေညာချက်မှာကျတော့ အပေါ်က ၂ ချက်ကိုသာပြောတယ်။ သံဃာနဲ့ဆိုင်တဲ့ ကိစ္စပေါ့နော်။ ဒီမဘသဟာ ဂိုဏ်းပေါင်းစုံအဖွဲ့ကနေပြီးတော့ ပေါ်ပေါက်လာတဲ့အဖွဲ့ လုံးဝမဟုတ်တဲ့ အကြောင်း၊ သံဃာစည်းမျဉ်းစည်းကမ်းနဲ့အညီ လုပ်ထုံးလုပ်နည်းနဲ့အညီ ဖွဲ့စည်းထားတဲ့အဖွဲ့ လုံးဝ မဟုတ်တဲ့အကြောင်းဆိုပြီးတော့ မဟနက ကြေညာတယ်။ ဒါပေမယ့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အသင်းအပင်းအဖွဲ့အစည်း ဖွဲ့စည်းပိုင်ခွင့်အရ တည်ထောင်ထားတယ်ဆိုတဲ့ အဖွဲ့နဲ့ ပတ် သက်လို့တော့ မဟနက ထိတာတို့တာမရှိဘူးဆိုတော့ ဒီကိစ္စက ဘယ်လိုမျိုး ဖြစ်မလဲဘုရား။ ပြည်ထဲ ရေးကနေ ဆက်ကိုင်ရမယ့်သဘောလား။ ဘယ်လိုရှိမလဲဘုရား။
“အဲဒီသဘော သက်ရောက်သွားတာပေါ့။ မဟန ကသူနဲ့ဆိုင်တဲ့ ဥပဒေတွေအရ တရားမ၀င် ဘူးဆိုတာ သူပြောမယ်။ ကျန်တဲ့ဥပဒေပုဒ်မတွေအရ တရားဝင်တယ်၊ မ၀င်ဘူးဆိုတာ ၀န်ကြီး ဌာနကနေ သူ့သက်ဆိုင်ရာ ဌာနက ဖြေရှင်းပေါ့နော်။ အဲလိုသဘောမျိုး ချန်သွားတာလားတော့ မသိဘူး။ အဲလိုချန်သွားတယ်ဆိုရင် သံဃာတွေရဲ့ လုပ်ထုံးလုပ်နည်း ဥပဒေအရတော့ တရားဝင်တယ် မ၀င်ဘူး ဆိုတာ ဓမ္မသတ်နဲ့ ကိစ္စမို့ သိပ်ကိစ္စမရှိဘူး။ ပြည်ထဲရေးကနေ ၀င်လာပြီဆိုရင် လောကဥပဒေ အာဏာစက်နဲ့ လုပ်ရမယ့် ကိစ္စမျိုးဖြစ်သွားနိုင်တယ်ပေါ့နော်။ ဖြစ်သွားနိုင်တယ်ဆိုရင် မဘသ အဖွဲ့အစည်းရဲ့ ရပ်သိ အဖွဲ့အစည်းပုဂ္ဂိုလ်အပေါ်မှာလာပြီးတော့ မေးခွန်းထုတ်စရာတွေ ဖြစ်ပေါ်လာနိုင်တယ်ပေါ့နော်။ အဲလိုဖြစ်ပေါ်လာနိုင်တဲ့အခါကျတော့ ဒီသံဃာတော် အရှင်သူမြတ်တွေရဲ့ ဦးစီးဦးဆောင် လုပ်ပြီးတော့ သံဃာတော် အရှင်သူမြတ်တွေ ပါဝင်နေတယ်ပေါ့။ ဘုန်းတော်ကြီးတွေတင် မကဘူး။ လူတွေပါ ပါဝင်နေတဲ့ NGO အဖွဲ့အစည်း ကြီးပေါ့နော်။ အဲဒီအဖွဲ့အစည်းကြီးက လောကဥပဒေအကြောင်းတွေအရ သူတို့က ညီတယ်လို့ ပြောနေပေမယ့်လို့ မဘသ ဆရာတော်တွေ ကြေညာချက်ထုတ်သလိုပေါ့နော်။ သံဃာ လုပ်ထုံးလုပ်နည်းနဲ့ ညီတာ မဟုတ်ပါဘူးဆိုတဲ့ ဆိုသလိုမျိုး သူတို့ဥပဒေကလည်း လူဥပဒေနဲ့ ညီတာမဟုတ်ပါဘူးလို့ ကြေညာချက်များထုတ်လာပြီးပြီဆိုရင် သူတို့ရဲ့ ရပ်တည်ချက်နဲ့ သူတို့ရဲ့ တရား ဥပဒေကြောင်း အာဏာစက်အနေနဲ့ ဘယ်လိုတွေ ဖြစ်လာနိုင်မလဲဆိုတာလည်း စိတ်ဝင်စား စရာကောင်း ပါတယ်။”
တင်ပါ့ဘုရား။ အခုလိုမျိုး ပြည်ထဲရေးက ကိုင်သည်ဖြစ်စေ မကိုင်သည်ဖြစ်စေ ခဏထားလို့ အခုမဟနကနေ ထုတ်ပြန်ကြေညာချက် ထုတ်ပြီးတဲ့အခါမှာ မဘသရဲ့ နိုင်ငံ တ၀န်းမှာရှိနေတဲ့ တရားပွဲတွေက ဘယ်လိုဖြစ်လာနိုင်သလဲ။ ဥပမာ အရင်ကဆိုရင် ဆရာတော် ဦးဝီရသူရဲ့ နှုတ်ဖျားကနေပြီးတော့ ဥပေက္ခာဆိုတာ ကုလားကို နှိမ်နင်းတာ ဆိုတဲ့ပုံစံမျိုး ပြောင်ပေါ့နော် ကုလားဆိုပြီး တိုက်ခိုက်ပြောဆိုတာရှိတယ်။ မစ္စရန်ဟီးလီ (ကုလသမဂလူ့အခွင့်အရေး အစီရင်ခံစာတင်သွင်းသူ) ဆိုရင် ပြည့်တန်ဆာမဆိုပြီးတော့ ကမ္ဘာ ကနေ ပြီးတော့ လွှတ်တဲ့လူကို ပြောတာရှိတယ်။ ဒီလိုမျိုး ရုန့်ရင်းကြမ်းတမ်းတဲ့ ပြောဆိုဟောပြောမှုတွေက ဆက်လက်ရှိနေနိုင်မလား။ ဘယ်လိုမျိုး သုံးသပ်လဲ။ မဘသ တရားပွဲတွေရဲ့ ပုံစံကရော ဘယ်လိုပြောင်းနိုင်လဲ ဘုရား။
“သူ့ရဲ့ မူလအဖွဲ့အစည်းကိုယ်တိုင်ကကို သူ့ရဲ့လုပ်ထုံးလုပ်နည်း တည်ဆဲဥပဒေနဲ့ မညီဘူးဆို ရင် အဖွဲ့ဝင်တွေရဲ့ ပြောဆိုဟောပြောချက်တွေဟာ ဒီအဖွဲ့ကို ကိုယ်စားပြုတယ်ဆိုရင်တော့ ဒါသက် ဆိုင်ရာ အာဏာပိုင်တွေရဲ့ စိစစ်ရမယ့်ကိစ္စဖြစ်သွားပြီပေါ့။ ဒီအတိုင်း နိုင်ငံတော်အဖွဲ့အစည်း တရပ်က နေပြီးတော့ ဒီဟာက ဥပဒေနဲ့မညီဘူး၊ လုပ်ထုံးလုပ်နည်းနဲ့မညီဘူး၊ စည်းကမ်းနဲ့ မညီဘူးလို့ သတ်မှတ် ထားပြီးတော့ အောက်ခြေမှာ ဒီအဖွဲ့ဝင်တွေရဲ့ လုပ်ပိုင်ခွင့်က နဂိုအတိုင်းပဲ ရှိနေဦးမယ်ဆိုရင် နိုင်ငံတော် သံဃာ့နာယကအဖွဲ့ရဲ့ ကြေညာချက်ဟာ ဘာမှအရာမရောက် သလို စက္ကူထုတ်လို ဖြစ်သွားလိမ့်မယ်ပေါ့။ ပြီးတော့ နိုင်ငံတော်သံဃနာယက ဆရာတော်တွေရဲ့ ကြေညာချက်ဟာ တကယ့်နိုင်ငံတော်သံဃနာယကမှာ အာဏာရှိတယ်၊ လုပ်ပိုင်ခွင့် ရှိတယ်ဆိုရင် အောက်ကဥပဒေကြောင်းအရ အကောင်အထည်ဖော်ပေးရမယ့် အုပ်ချုပ်သူတွေ ကလည်း စဉ်းစားရတော့မယ့် ကိစ္စဖြစ်လာပြီ။ တကယ့်တရားဝင် အဖွဲ့အစည်းကြီးက တရားမ၀င်ဘူး၊ လုပ်ထုံးလုပ်နည်းနဲ့ မညီဘူးဆိုတာ ပြောထား ပြီးပြီ။ အောက်ကအဖွဲ့ဝင်ဖြစ်တဲ့ ဘုန်းကြီးတွေ၊ မဘသ ဆရာတော်တွေက တရားဟောနေဦးမယ်ဆိုရင် ဆရာတော်တွေကို သိက္ခာချသလို အောက်ကအာဏာပိုင် အဖွဲ့အစည်းက လူတွေက လုပ်သလို ဖြစ်နေမှာပေါ့နော်။ အဲတော့ အောက်ခြေအာဏာပိုင်အဖွဲ့အစည်းတွေကလည်း နိုင်ငံတော်သံဃနာ ယက ဆရာတော်တွေရဲ့ လုပ်ရပ်ဟာမှန်ကန်ကြောင်း၊ သူတို့ရဲ့ သြဇာအာဏာလည်းရှိတယ်၊ သူတို့က ဓမ္မစက်ကို မိမိတို့ရဲ့ အာဏာစက်နဲ့ ပံ့ပိုးကူညီတာဖြစ်ကြောင်းကိုတော့ ပြသဖို့လိုမယ့်အချိန် ဖြစ်သွား မယ်လို့တော့ထင်တယ်။”
တင်ပါ့ဘုရား။ နောက်ဆုံးမေးခွန်းအနေနဲ့ ဒီလိုမျိုး ဒီဖြစ်ထွန်းမှုပေါ့နော်။ မနေ့ကညနေက မဟနရဲ့ ကြေညာချက်ကြောင့် မဘသအဖွဲ့အစည်းကြီးနဲ့ ပတ်သက်တဲ့ ဖြစ်ထွန်းတိုးတက်မှုအပေါ် ဘုန်းဘုန်းအနေနဲ့ နောက်ဆုံးမှတ်ချက်စကားပေါ့နော်။ အေးအေးချမ်းချမ်းနဲ့ မြန်မာပြည်သူ တွေအပေါင်းက ဖြတ်သန်းဖို့အတွက်ဆိုရင် သက်ဆိုင်ရာ ပါဝင်ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ဘယ်လိုမျိုးစိတ်ထားလေးနဲ့ ဘယ်လိုမျိုး ဖြတ်သန်းဖို့လိုမယ်ဆိုတာ ဘုန်းဘုန်း ဘယ်လိုမျိုး သုံးသပ်မိပါလဲ ဘုရား။ နောက်ဆုံးအနေနဲ့ မိန့်ကြားပေးပါဘုရား။
“ဦးဇင်းအနေနဲ့ သံဃာတော်တွေဆိုတာကတော့ အဆက်ဆက် တိုင်းပြည်ရဲ့ အကျိုးစီးပွားနဲ့ လူထုတွေရဲ့ ကောင်းကျိုးကိုလိုလားခဲ့တယ်ဆိုတာ ဟိုးခေတ်အဆက်ဆက် ရှိခဲ့ကြတာပဲ။ ပုဂံခေတ်က နေစပြီးတော့ လွတ်လပ်ရေးအကြိုခေတ်အထိ ဦးဇင်းတို့ သံဃနာယက အဖွဲ့အစည်းကြီးဆိုတဲ့ဟာက တခြားနိုင်ငံတွေနဲ့ မတူတဲ့ဟာက မြန်မာ့လူ့အဖွဲ့အစည်းမှာရှိနေတဲ့ လိုအပ်ချက်ပေါ့နော်။ ပညာရေးလို အပ်ချက်ကြီးတခုလုံးကို သံဃာတော်တွေက ဦးစီးဦးဆောင် ပြီးတော့ တာဝန်ယူထားတဲ့ အချိန်ကာလ ကြီးက အကြာကြီးရှိခဲ့ဖူးတယ်။ အဲလိုရှိခဲ့ဖူးတော့ လူ့အဖွဲ့အစည်းကြီးတခုလုံးအပေါ်မှာ သံဃာတော်တွေရဲ့ သြဇာသက်ရောက်မှုကလည်း အများကြီးရှိတယ်။ အများကြီးရှိတော့ နောက်လူ့လောကနဲ့ သံဃာတွေရဲ့ ဆက်ဆံမှုကလည်း လူ့လောကထဲက လူတွေရဲ့ဖြစ်ပေါ်နေတဲ့ စားဝတ်နေရေး ပဋိပက္ခ ကလည်း သံဃာတော်တွေကို ရိုက်ခတ်တဲ့အခါကျတော့ သံဃာတော်တွေက ဒီပဋိပက္ခကနေပြီးတော့ လူတွေရဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခတွေကို လွတ်မြောက်စေချင်တဲ့ ဆန္ဒနဲ့ လွတ်မြောက် အောင်ပြုလုပ်ပေးဖို့ဆိုတဲ့ဟာ သံဃာတော်တွေ အဆက်ဆက် ကြိုးစားခဲ့ကြတာရှိတာပေါ့။ ဆရာတော် ဦးဝိစိတ္တတို့၊ ဆရာတော် ဦးဝိစာရတို့ကအစပေါ့။ အဲလိုကြိုးစားခဲ့တယ် ဆိုတာက လည်း မိမိတို့ရဲ့ တကိုယ်ရေ ကြီးပွားတိုးတက်ရေး၊ ချမ်းသာရေး၊ အာဏာရရှိရေးအတွက် သံဃာတော်တွေက လုပ်ဆောင်ခဲ့ကြတာ မဟုတ်ဘူး။ ၁၉၈၈၊ ၂၀၀၇ ရွှေဝါရောင်သံဃာတော် တွေရဲ့ ပါဝင်မှုဆိုတဲ့ဟာကလည်း သူတို့အကျိုးစီးပွား၊ သူတို့ရဲ့လာဘ်လာဘအတွက်ကို ဒီပွဲကြီးတွေမှာ သံဃာတော်တွေ ၀င်ပါခဲ့ တာမဟုတ်ဘူး။ လူတွေတကယ်ဒုက္ခရောက်ခဲ့တယ်။ အဲဒီဒုက္ခကနေ လွတ်မြောက်ဖို့ ဆိုတဲ့ရည်ရွယ် ချက်နဲ့ သံဃာတော်တွေ ပါဝင်ခဲ့တာပေါ့နော်။ အဲဒီဟာမှာ အကျိုးတစုံတခု မမျှော်ကိုးဘဲနဲ့ လူတွေရဲ့ အကျိုးစီးပွားကိုဆောင်ရွက်ခဲ့တဲ့ သံဃာတော်တွေဟာ မဘသတွေပေါ်လာမှ မိမိတို့ရဲ့ အကျိုးစီးပွား၊ ဒါအကုန်လုံးကို ဆိုလိုတာ မဟုတ်ဘူးနော်။ ခုနလည်း ဦးဇင်းပြောပြီးပါပြီ။ တချို့သံဃာတော်တွေဟာ တကယ်ကို တိုင်းချစ်ပြည်ချစ်စိတ်နဲ့ ပါဝင်တာမှန်ပေမယ့်လို့ တချို့ကိုယ်တော်တော်တော်များများကတော့ လာဘ်လာဘနဲ့ ပစ္စည်းဥစ္စာနဲ့ အပူဇော်ခံချင်တာ အစရှိတဲ့ဟာပေါ် မူတည်ပြီးတော့ မဘသပေါ် ပါသွားတဲ့အခါကျတော့ မဘသထဲ ပါဝင်နေတဲ့ ဆရာတော်တွေရဲ့ ရည်ရွယ်ချက်က ၁၉၈၈ က သံဃာ တော်တွေရဲ့ ရည်ရွယ်ချက်၊ ၂၀၀၇ တုန်းက ပါလာခဲ့တဲ့ သံဃာတော်တွေရဲ့ ရည်ရွယ်ချက်နဲ့ တခြားစီ ဖြစ်နေတယ်ဆိုတာကတော့ ထင်ထင်ရှားရှားကြီးကို မြင်နေရတယ် ပေါ့နော်။ အဲတော့ သံဃာတော်တွေ ဆိုတဲ့ဟာက မိမိတို့ကို ပစ္စည်းလေးပါးနဲ့ ထောက်ပံ့နေတဲ့ တကာ၊ ဒါယိကာမတွေရဲ့ အကျိုးစီးပွားကို မေတ္တာရှေ့ထားပြီးတော့ အမြဲတမ်းဆောင်ရွက် နေရ မယ့် အဖွဲ့အစည်းကြီးဖြစ်နေတယ်ပေါ့နော်။ ဖြစ်နေတဲ့အခါကျတော့ မိမိတို့ကို မေတ္တာရှေ့ထားတဲ့ လူထုအဖွဲ့အစည်းကြီးရဲ့ ကောင်းကျိုးကိုသာလျှင် ရှေ့ရှုပြီးတော့ ပါဝင်ဆောင်ရွက်သင့်တယ်။ သူတို့ကို မေတ္တာထားတဲ့အလုပ်တွေ လုပ်သင့်တယ်။ လာဘသက္ကာရတြိလောကဆိုတဲ့ ဒကာ ဒါယိကာမတွေရဲ့ အမှီပြုပြီးတော့ အဖွဲ့အစည်းကြောင့် ရရှိလာမယ့် ၀တ္ထုငွေကြေးဆိုတဲ့ ဟာလည်း သန့်ရှင်းတဲ့ပစ္စည်းဝတ္ထုမဟုတ်ဘူးပေါ့နော်။ အဲတော့ မသန့်မရှင်းနဲ့ ရရှိလာမယ့် ပစ္စည်းဝတ္ထုပေါ်မှာ သာယာနေမယ့်အစား မိမိတို့ရဲ့ သာသနာရေးအလုပ်တွေကို လုပ်နိုင်ဖို့ မူလ အခြေခံဖြစ်တဲ့ သာသနာရေးအလုပ်တွေကို တစိုက်မတ်မတ်လုပ်ပြီးတော့ တကာ၊ ဒါယိကာမတွေ အပေါ်မှာလည်း သူတို့ဆီက တုန့်ပြန်လာမယ့် အကျိုးစီးပွားကို မျှော်လင့်တာထက် သူတို့ရဲ့ ကောင်း ကျိုးချမ်းသာတွေကို မျှော်လင့်တဲ့ မျှော်လင့်ချက်နဲ့ လုပ်နိုင်တဲ့အခြေအနေမျိုးကို သံဃာတော်တွေ အနေနဲ့ ရောက်ရှိသင့်တယ်၊ ရောက်ရှိပါစေလို့လည်း ဦးဇင်းအနေနဲ့ ဆုတောင်း တယ်ပေါ့နော်။ ဦးဇင်းတို့ ကိုယ်တိုင် လုပ်နေတဲ့နိုင်ငံရေးဆိုတဲ့ဟာက ဘယ်လိုအကျိုးစီးပွား တစုံတခုကိုမှ မျှော်မှန်းပြီး တော့ လုပ်ခဲ့တာမဟုတ်ဘူး။ တကာ၊ ဒါယိကာမတွေ ဒုက္ခကနေ လွတ်သွားပြီဆိုရင် ငါတို့ကို လှူနေတဲ့၊ ငါတို့ကို ဆွမ်းလောင်းနေတဲ့ တကာ၊ ဒါယိကာမတွေရဲ့ ချမ်းသာသုခ တခုရောက်လာပြီဆိုရင် ငါတို့ ဒီတကာ၊ တကာမတွေအပေါ်မှာ တာဝန်ကျေပြီ ဆိုတဲ့ စိတ်နဲ့ ဦးဇင်းတို့ လုပ်ခဲ့တာဖြစ်တယ်ပေါ့နော်။ အဲတော့ သံဃာတော်တွေဟာ မဘသထဲမှာ နိုင်ငံချစ်စိတ်နဲ့ ပါသည်ပဲဖြစ်စေ၊ ပစ္စည်းဝတ္ထုကို မျှော်မှန်း ပြီးတော့ပဲ ပါသည်ဖြစ်စေ ဘယ်လို နည်းနဲ့ပါသည်ဖြစ်စေ မိမိတို့လုပ်တဲ့ အလုပ်ဟာ တကာ၊ ဒါယိကာမ တွေအကျိုးစီးပွားဖြစ်ဖို့ ဆိုရင်တော့ ပါဝင်ပါ။ တကာ၊ တကာမတွေ အကျိုးစီးပွားမဖြစ်ဘဲနဲ့ တကာ၊ တကာမတွေ စိတ်ထဲမှာ ပူလောင်သောကတွေရောက်မယ်၊ ပူဆွေးသောကတွေရောက်မယ်၊ တိုင်းပြည်မှာ ဆူဆူပူပူဖြစ်မယ်ဆိုတဲ့ အရေးဖြစ်မယ်ဆိုရင် ကိုယ်လုပ်မယ့်အလုပ်တိုင်း အလုပ်တိုင်းကို စဉ်းစား သုံးသပ်ပြီးတော့ သံဃာတော်တွေအနေနဲ့ ပါဝင်ကြပါလို့ ဦးဇင်းအနေနဲ့တော့ ဒီလိုဆန္ဒရှိတယ်။”