တရားရုံးကို မထီမဲ့မြင့်ပြုလုပ်မှုဖြင့် စစ်ကိုင်းအလုပ်သမားများကို ပြစ်ဒဏ်ချမှတ်
အောင်ကိုကိုလတ် (နေပြည်တော်)
·
July 13, 2016
စစ်ကိုင်းအလုပ်သမားသပိတ်စစ်ကြောင်းက ဖမ်းဆီးခံထားရသူတွေကို တရားရုံးကို မထီမဲ့မြင် ပြုလုပ်မှုနဲ့ ထောင်ဒဏ် ၁ လ သို့မဟုတ် ဒဏ်ငွေ ၅ ထောင်ကျပ် နေပြည်တော် တပ်ကုန်းတရားရုံးက ဇူလိုင် ၁၃ ရက်နေ့မှာ အမိန့် ချမှတ်လိုက်ပါတယ်။
အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ရန်နိုင်ထွေး က "ကျနော်တို့ကို တရားရုံးမထီမဲ့မြင် ပြုလုပ်တယ်ဆိုပြီးတော့ ထောင်ဒဏ် ၁ လ မဟုတ်ရင် ဒဏ်ငွေ ၅ထောင်ဆိုပြီး ဖမ်းဆီးခံထား ရတဲ့သူအားလုံးကို တရားသူကြီးက အမိန့်ချခဲ့တယ်" လို့ ပြောပါတယ်။
စစ်ကိုင်းသစ်အချောထည်စက်ရုံ အလုပ်သမားသပိတ်စစ်ကြောင်းက ဖမ်းဆီးထိန်းသိမ်းခံ အလုပ်သမားခေါင်း ဆောင်အချို့နဲ့ ဝန်းရံသူတွေကို ယနေ့ ဇူလိုင် ၁၃ ရက်နေ့မှာ ၄ ကြိမ်မြောက် ရုံးထုတ်ခဲ့တာဖြစ်ပါတယ်။
"ရုံးချိန်းသုံးချိန်းရှိပြီ မစစ်ဆေးနိုင်လို့ တရားရုံးဂုဏ်သိက္ခာ ကျဆင်းစေတယ်လို့ အများပြည်သူတွေ အမြင်မှာလည်း မထီမဲ့ဖြစ်နေတယ် တရားရုံးကိုအထင်အမြင်လွဲမှားနေတာမျိုး ဖြစ်လာတယ်။ ဒါကြောင့် အခုလိုအမိန့်ချတာ"လို့ တပ်ကုန်းမြို့နယ် တရားသူကြီး ဦးအောင်ကျော်ဦး က ပြောပါတယ်။
အရင် ရုံးထုတ်များနည်းတူ တရားရုံး ပရဝဏ်အတွင်းဝင်ရောက်မှုနဲ့ တရားစီရင်ရာမှာ ကြားနာခွင့်ကိုတော့ ပိတ်ထားခဲ့ပါတယ်။
"ဘာမှတော့ မပြောချင်တော့ပါဘူး ပထမ ထုတ်ထုတ်ချင်း ရုံးချိန်းတုန်းကလိုဆူပူမူဖြစ်မှာစိုးလို့ ပိတ်ထားခဲ့တာပါ။ ရုံးထုတ်လာလာချင်း ဆူပူမှာစိုးလို့ပါ။ အေးအေးဆေးဆေးဆိုရင် လွတ်လွတ်လပ်လပ်တွေ့ခွင့်ပေးမှာပါ" လို့ နေပြည်တော် ရဲတပ်ဖွဲမှူး ရဲမှူးကြီး ဦးကိုကိုအောင်က ပြောပါတယ်။
ထိန်းသိမ်းခံထားရသူတွေအနေနဲ့ကတော့ ဒီကနေ့မှာလဲ တရားရေးကိုယုံကြည်မှုမရှိတာကြောင့် တရားရင်ဆိုင်ခြင်းမရှိပဲ ဆက်လက် သပိတ်မှောက်ခဲ့ကြပါတယ်။ရုံးချိန်း ယမန်ယူကာ ဇူလိုင်လ ၂၇ ရက်နေ့ကို ထပ်မံချိန်းဆိုခဲ့တယ်လို့ သိရပါတယ်။