ဆီးရီးယားအစိုးရတပ် ထိန်းချုပ်ထားသည့် မြို့ကို သူပုန်တပ်ဖွဲ့ ထိုးစစ်ဆင် (ရုပ်သံ)

ဆီးရီးယားနိုင်ငံမြောက်ပိုင်းက အလက်ပိုမြို့မှာ ဆီးရီးယား အစိုးရတပ်တွေ ထိန်းချုပ်တဲ့ အပိုင်းကို ဆီးရီးယား သူပုန်ညွန့်ပေါင်းတပ်ဖွဲ့တွေ ဇူလိုင် ၁၂ ရက်နေ့က အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြပါတယ်။
အလက်ပိုမြို့ဟာ ၂၀၁၁ ခုနှစ် ဆီးရီးယားပြည်တွင်းစစ် မဖြစ်ခင်က ဆီးရီးယားနိုင်ငံရဲ့ စီးပွားရေးနဲ့ စက်မှုလက်မှု အချက်အချာမြို့ကြီးဖြစ်ခဲ့ပြီး အခုတော့ ဆီးရီးယားအစိုးရတပ်၊ ဆီးရီးယားသူပုန်တပ်နဲ့ ဆီးရီးယားကာ့ဒ်တပ်ဖွဲ့တွေ မြို့ကို အပိုင်းလိုက် သိမ်းပိုက် ထိန်းချုပ်ထားကြတာပါ။
ဆီးရီးယားသူပုန်တွေ ထိန်းချုပ်တဲ့ နယ်မြေရဲ့ တခုတည်းသော ၀င်ထွက်ပေါက်ကို အစိုးရတပ်တွေက ပိတ်လိုက်တဲ့အတွက် ဆီးရီးယားသူပုန်တွေက ဒုတိယအကြိမ် အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။
ဆီးရီးယားအစိုးရပိုင် ရုပ်သံသတင်းဌာနကတော့ တိုက်ခိုက်မှုတွေအတွင်း လူ ၈ ဦး သေဆုံးတယ်လို့ ကြေညာပါတယ်။
အခုနှစ်ဆန်းပိုင်းက ကုလသမဂ္ဂ ကြားဝင်စေ့စပ်ပေးတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပျက်ပြားခဲ့ပြီးနောက်ပိုင်း အလက်ပိုမြို့ဟာ အစိုးရတပ်တွေနဲ့ သူပုန်တပ်တွေ မြို့ကို စိုးမိုးခွင့်ရရေး အကြီးအကျယ် တိုက်ခိုက်ကြတဲ့ စစ်မြေပြင် ဖြစ်လာပါတယ်။
ဇူလိုင် ၁၁ ရက်နေ့က ထိုးစစ်အတွင်း သူပုန်တွေဘက်က လက်နက်ကြီးအလုံး ၃၀၀ ကျော် အစိုးရတပ်တွေဘက်ကို ပစ်ခတ်ခဲ့တယ်လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောဆိုပါတယ်။