မီးလောင်သွားသည့် စင်ကာပူမော်တော်ပေါ်မှ ပျောက်ဆုံးမော်တော်မောင်းသူကို ရှာဖွေ (ရုပ်သံ)

ဇူလိုင် ၁၂ ရက် ညနေပိုင်းက စင်ကာပူမြို့လယ် Esplanade အနီး မာရီနာအကွေ့မှာ မီးလောင်သွားတဲ့ မော်တော်ပေါ်မှ ပျောက်ဆုံး မော်တော်မောင်းသမားကို ရေငုပ်သမားတွေက ရှာဖွေနေပါတယ်။ စင်ကာပူမြစ်ပေါ်မှာ ပျောက်ဆုံးနေသူကို ရှာဖွေနေတယ်လို့ စင်ကာပူ လူထုကာကွယ်ရေးတပ် (အက်စ်စီဒီအက်ဖ်) ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်က ထုတ်ပြန်ချက်ကို ကိုးကားပြီး စင်ကာပူ ချာနယ်နယူး အေးရှားသတင်းက ရေးပါတယ်။ ညအချိန် ရေအောက်မှာ ရှာဖွေရတာ ဖြစ်တဲ့အတွက် စိန်ခေါ်မှုတချို့ရှိပေမယ့် ပျောက်ဆုံးနေသူဟာ မော်တော်မောင်းတဲ့သူ ဖြစ်တယ်လို့ အတည်ပြုပါတယ်။ တခြား ဒဏ်ရာရ ပျောက်ဆုံးသူ မရှိဘူးလို့လည်း သတင်းမှာ ဖော်ပြပါတယ်။ မျက်မြင်သက်သေ ကန်နက်လင်းကတော့ ဂျူဗလီတံတားပေါ်ကနေ မြင်ရတဲ့ ဖြစ်ရပ်ကို မှတ်တမ်းတင်ထားတဲ့ ရုပ်သံဖိုင်ကို အင်တာနက်ပေါ်ကနေတဆင့် ဖြန့်ဝေထားသလို မော်တော် မီးလောင်နေစဉ် လူတဦး ခုန်ချသွားတယ်လို့ အတည်ပြုပါတယ်။ တခြားမော်တော်တွေ အနီးကို ကပ်လာပေမယ့် တဦးတယောက်ကို ကယ်တင်သွားတာ မတွေ့ရဘူးလို့လည်း သူက ဆိုပါတယ်။ မီးလောင်သွားတဲ့ မော်တော်ကို မီးသတ်တပ်ဖွဲ့ဝင်တွေက ငြှိမ်းသတ်ပေးခဲ့ပါတယ်။ မီးလောင်ပြီးတဲ့နောက် မြစ်အတွင်း သွားလာမောင်းနှင်ပေးနေတဲ့ ကူးတို့တွေ အားလုံးကို ရပ်ဆိုင်းထားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up