အက်ဖ်ဘီအိုင်မှ လက်လျှော့လိုက်ရသည့် လေယာဉ်ပြန်ပေးသမားအမှု

ပြန်ပေးသမား ဒီဘီကူးပါး။ (ဓာတ်ပုံ - news.sky.com)
အမေရိကန်နိုင်ငံရဲ့ စိတ်ရှုပ်ထွေးစရာ အကောင်းဆုံး ပြစ်မှုတွေထဲက တခုဖြစ်တဲ့ လွန်ခဲ့တဲ့ ၄၅ နှစ်က လေယာဉ်ပေါ်မှာ ပြန်ပေးဆွဲပြီး ငွေတွေယူကာ လေထီးနဲ့ ခုန်ချ ထွက်ပြေးခဲ့သူတဦးရဲ့ အမှုဟာ နှစ်ပေါင်းများစွာ ပဟေဠိတခုအဖြစ် ရှိနေတော့မှာပါ။ လူကြီးလူကောင်းတယောက်လို ၀တ်ဆင်ထားခဲ့တဲ့ သက်လတ်ပိုင်းအရွယ် အဲဒီ ပြန်ပေးသမား အမျိုးသားကြီးရဲ့ သတင်းဟာ ဘာမှကို မကြားရတော့ပါဘူး။ သူ့ကိုယ်သူ ဒန်ကူးပါးလို့ အမည်ခေါ်စေပြီး နောက်ပိုင်းမှာ ဒီဘီကူးပါးလို့ သိလာခဲ့ကြတဲ့ ဒီပြန်ပေးဆွဲသမားရဲ့ အမှုဟာ သမိုင်းမှာ အကြာရှည်ဆုံးနဲ့ အပင်ပန်းဆုံး အမှုတခုဖြစ်ပြီး ဆက်လက်စုံစမ်းစစ်ဆေးမှုတွေ လုပ်တော့မှာ မဟုတ်ဘူးလို့ ဇူလိုင် ၁၂ ရက်နေ့မှာ အက်ဖ်ဘီအိုင်က ပြောလိုက်တာပါ။ ဒီအမှုဟာ ၁၉၇၁ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်နေ့မှာဖြစ်ခဲ့ပြီး လုပ်ငန်းရှင်တဦးလို သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားခဲ့တဲ့ ပြန်ပေးသမားဟာ Northwest Orient လေကြောင်းလိုင်းပိုင် ဘိုးအင်း-၇၂၇ အမျိုးအစား လေယာဉ်ပေါ်မှာ ပါလာခဲ့ကာ အော်ရီဂွန်ပြည်နယ်၊ ပို့တ်လဲန်းဒ်မြို့ကနေ ဆီးတဲလ်မြို့ဆီ မောင်းနှင်ပေးဖို့ အမိန့်ပေးခဲ့တာပါ။ လေယာဉ် ချောချောမောမော ဆင်းသက်ပြီးချိန်မှာ သူဟာ အမေရိကန်ဒေါ်လာ ၂ သိန်းနဲ့ လေထီးတွေကို ရယူထားခဲ့ပြီး ခရီးသည် ၃၆ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာ လေယာဉ်အမှုထမ်းတွေကို ဓားစာခံအဖြစ် ခေါ်ဆောင်ပြီး လေယာဉ်ကို မက္ကဆီကိုနိုင်ငံဆီ မောင်းနှင်ခိုင်းခဲ့ကာ တနေရာအရောက်မှာတော့ သူဟာ ပိုက်ဆံတွေကို ဆုပ်ကိုင်ပြီး လေယာဉ်အနောက်ပိုင်းကနေ လေထီးနဲ့အတူ အေးခဲတဲ့ည မိုးထဲမှာ ခုန်ချသွားခဲ့တာပါ။ အဲဒီလိုဖြစ်အပြီး ကိုးနှစ်အကြာ ၁၉၈၀ ပြည့်နှစ်မှာတော့ ကိုလံဘီယာမြစ်ထဲမှာ ကလေးငယ်တဦးဟာ ကြေမွပျက်စီးနေတဲ့ ဒေါ်လာ ၆၀၀၀ နီးပါး တန်ဖိုးရှိတဲ့ ဒေါ်လာ ၂၀ တန် ငွေစက္ကူထုပ် ၃ ထုပ်ကို တွေ့ရှိခဲ့တာပါ။ အဆိုပါ ဒေါ်လာငွေစက္ကူတွေပေါ်က နံပါတ်စဉ်အရ ဒီငွေတွေဟာ ကူးပါး ပြန်ပေးဆွဲသွားခဲ့တဲ့ငွေတွေ ဖြစ်တယ်ဆိုတဲ့ သဲလွန်စ ရခဲ့ပေမယ့် ပြန်ပေးသမားကိုတော့ အခုအချိန်ထိ လုံးဝမတွေ့ရတော့ဘဲ ပျောက်ချင်းမလှ ပျောက်သွားခဲ့တာပါ။ ခုချိန်မှာတော့ အက်ဖ်ဘီအိုင်အနေနဲ့ တခြားအမှုတွေလည်းရှိနေပြီး ဒီအမှုကို ဆက်လက်စုံစမ်းဖို့ လက်လျှော့လိုက်ပြီလို့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြလိုက်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up