A d v e r t i s e m e n t With Us

အီတလီတွင် မြန်နှုန်းမြင့်ရထား ၂ စီး ခေါင်းချင်းဆိုင်တိုက်၊ ၂၅ ဦး သေဆုံး

ဓာတ်ပုံ - ရိုက်တာ
အီတလီနိုင်ငံတောင်ပိုင်းမှာ ဇူလိုင် ၁၂ ရက်နေ့က မြန်နှုန်းမြင့် ရထား ၂ စီး ခေါင်းချင်းဆိုင် တိုက်ခဲ့ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ တနေကုန်လုပ်အပြီး ညနေပိုင်းမှာ လူ ၂၅ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီတဲ့လူတွေ ဒဏ်ရာရခဲ့တယ်လို့ ကယ်ဆယ်ရေး လုပ်သားတွေက ပြောပါတယ်။ ဒဏ်ရာရသူ အယောက် ၅၀ လောက်က အသည်းအသန် အခြေအနေမှာ ရှိနေတာကြောင့် သေဆုံးသူ အရေအတွက် ပိုမြင့်လာနိုင်တယ်လို့ သတိပေးထားပါတယ်။ သွေးလှူရှင်တွေ ဒေသခံဆေးရုံတွေဆီကို သွားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။ ပတ်ဝန်းကျင်က သံလွင်ပင် သစ်တောအုပ်ထဲကို အပျက်အစီးတွေ ပျံ့လွင့်ခဲ့ပြီး ရထားတွဲ ၃ တွဲလည်း ပျက်စီးပါတယ်။ ပတ်ဂလီယာဒေသက ကိုရာတိုနဲ့ အန်ဒရီယာမြို့ကြား ရထားလမ်း တခုတည်းပေါ်မှာ ရထား ၂ စီး ခေါင်းချင်းဆိုင် တိုက်ခဲ့တာပါ။ လတ်တလောနှစ်တွေအတွင်း အဆိုးရွားဆုံး ရထားကပ်ဘေးတွေထဲက တခုဖြစ်လာပြီး ဘာကြောင့် ခုလိုဖြစ်ရတယ်ဆိုတာ မသိရသေးပါဘူး။ အစိုးရက ပြည့်စုံလျှင်မြန်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်မယ်လို့ ကတိပြုထားသလို ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး သယ်ယူပို့ဆောင်ရေးဝန်ကြီးက လွှတ်တော်ကို ဒီနေ့မှာ အစီရင်ခံရမှာပါ။ အီတလီဝန်ကြီးချုပ်လည်း အခင်းဖြစ်ရာကို လာရောက်ကြည့်ရှု စစ်ဆေးပါတယ်။ ရဟတ်ယာဉ်တွေကလည်း အသည်းအသန်အဖြစ်ဆုံး လူနာတွေကို သယ်ယူဖို့ အနားက လယ်ကွင်းထဲ ဆင်းသက်ခဲ့ပါတယ်။ ရထားချင်းတိုက်ချိန်က ရထားတွေပေါ်မှာ လူဘယ်နှယောက်ပါတယ်ဆိုတာ မသိရသေးပါဘူး။ လမ်းချော်တိမ်းမှောက်တဲ့ ရထားတွဲတွေအောက်မှာ ပိတ်မိနေတဲ့လူတွေ ရှိ၊ မရှိ စစ်ဆေးဖို့ မွန်းလွဲပိုင်းက ဝန်ချီစက် အကြီးတစီး ရောက်လာပါတယ်။ ရှင်သန်ကျန်ရစ်သူတွေကို ရှာတွေ့ဖို့ မျှော်လင့်ချက်နည်းပေမယ့် ကယ်ဆယ်ရေး လုပ်ငန်းတွေကို ညလုံးပေါက် ဆောင်ရွက်ဖို့ စီစဉ်ထားတယ်လို့ အီတလီမီဒီယာတွေက အစီရင်ခံပါတယ်။

A d v e r t i s e m e n t With Us

More News
Up