ပဲခူးမြို့နယ်တွင် ဘင်္ဂါလီ ၅ ဦး ဖမ်းမိ
DVB
·
July 13, 2016
ပဲခူးမြို့နယ် လက်ပံဝင်းကျေးရွာအုပ်စု တာဆုံကျေးရွာမှာ ဇူလိုင်လ ၁၂ ရက်နေ့ ည ၉ နာရီအချိန်လောက်က ဘင်္ဂါလီ ၅ ဦး ဖမ်းဆီးရမိတယ်လို့ အင်းတကော် ရဲစခန်းက သိရပါတယ်။
ရခိုင်ပြည်နယ်ကနေ ရန်ကုန်မြို့ကို ပို့ဆောင်မယ့်ဘင်္ဂါလီလူမျိုးတွေ ရောက်ရှိနေတယ်ဆိုတဲ့ သတင်းအရ ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ အင်းတကော်နယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်တင်ဦးနဲ့ တာဝန်ရှိသူတွေက လက်ပံဝင်းကျေးရွာအုပ်စု တာဆုံရွာ ပန်းခြံလမ်းက ကိုစည်သူ ရဲ့ နေအိမ် ခြံဝင်းအတွင်း ဝင်ရောက်ရှာဖွေရာ ဖမ်းမိခဲ့တာပါ။
ကိုစည်သူ ရဲ့ခြံဝင်းအတွင်း ၄ ခန်းတွဲ ဘော်ဒါဆောင် စတုတ္ထခန်းအတွင်းက အမ်းမြို့ မီးလောင်ချောင်းကျေးရွာနေသူ ဦးအန်ရဲ့သား ကိုတင်အောင်နဲ့အတူ ဘင်္ဂါလီ ၅ ဦးကို ဖမ်းဆီးခဲ့တယ်လို့ အင်းတကော် ရဲစခန်းက ပြောပါတယ်။
အဲဒီဖမ်းဆီးရမိတဲ့ ဘင်္ဂါလီတွေဟာ ကျောက်တော်မြို့နယ် ဝင်စုကျေးရွာအုပ်စု၊ တောင်ထောင် ကျေးရွာအုပ်စု၊ ချောင်းကြီးကျေးရွာအုပ်စုနဲ့ ခေါင်းတုတ်ကျေးရွာအုပ်စုတွေက အသက် ၁၂ နှစ် အရွယ် ၁ ဦး၊ ၁၈ နှစ်အရွယ် ၂ ဦး၊ ၁၉ နှစ်အရွယ် ၁ ဦးနဲ့ အသက် ၂၇ နှစ်အရွယ် ၁ ဦးတို့ဖြစ်ပြီး ဘင်္ဂါလီ/အစ္စလာမ်ဘာသာဝင်တွေဖြစ်တယ်လို့ သိရပါတယ်။
သတင်း - အောင်စိုးမိုး