ကိုယ်နံ့ဆိုးသည့် ခရီးသည်ကို ဘတ်စ်ကားပေါ်မှနှင်ချသည့် ယာဉ်မောင်းနှင့်ယာဉ်အကူ ဒဏ်ရိုက်ခံရ

ဓာတ်ပုံ - thaipbs
744
ပြီးခဲ့တဲ့ သီတင်းပတ်က ထိုင်းနိုင်ငံ အများပြည်သူသုံး ဘတ်စ်ကားတစီးပေါ်မှာ ခရီးသည်တဦးကို ကိုယ်နံ့ဆိုးတဲ့အတွက် ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုဆက်ဆံကာ ကားပေါ်ကနေ နှင်ချခဲ့တဲ့ ယာဉ်မောင်းနဲ့ ယာဉ်အကူကို ဘတ်ငွေ ၁၀၀၀ စီ ဒဏ်ရိုက်လိုက်ပါတယ်။
ဗီရီရာဝမ် အမည်ရတဲ့ ဒီဘတ်စ်ကားကုမ္ပဏီဟာ မြို့တော်တွင်း ပြေးဆွဲတဲ့ ဘတ်စ်ကားလမ်းကြောင်း ၁၄၇ မှာ ပြေးဆွဲနေတာဖြစ်ပြီး ခုလိုပြုမူတဲ့ ၀န်ထမ်းတွေရဲ့ ပျက်ကွက်မှုအတွက် ကုမ္ပဏီကိုလည်း ဘတ်ငွေ ၁၀၀၀ ဒဏ်ရိုက်ခဲ့တာပါ။
ဒါဟာ ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့က ပွန်ဒ်နော့ပ်အမည်ရဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတဦးက အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဖော်ပြခဲ့ရာမှ စတင်ခဲ့တာဖြစ်တယ်လို့ ထိုင်းပီဘီအက်စ်သတင်းမှာ ဖော်ပြပါတယ်။
သူ့ရဲ့ဖော်ပြချက်ထဲမှာ သွန်ဘူရီအိမ်ရာနဲ့ ဘန်ခဲကုန်တိုက်ကြားမှာ ဘတ်စ်ကားနံပါတ် ၁၄၇-၃၃ ဟာ တံခါးပိတ်မောင်းနှင်သွားပြီး ခရီးသည်တဦးဟာ ကားနောက်ကနေ လိုက်နေခဲ့တာကို တွေ့ခဲ့ရတယ်လို့ ရေးခဲ့တာပါ။
အဲဒီနောက်မှာတော့ ဘန်ကောက်မြို့ ပြည်သူ့သယ်ယူပို့ဆောင်ရေးအဖွဲ့ (ဘီအမ်တီအေ) ကနေ ကုမ္ပဏီတာဝန်ရှိသူတွေကို ဇူလိုင် ၁၂ ရက်နေ့မှာ ခေါ်ယူစစ်ဆေးခဲ့ပြီး ခုလို ပြစ်ဒဏ်ချမှတ်လိုက်တာပါ။
ခရီးသည်ဆီက ဆိုးဝါးတဲ့အနံ့ကို သည်းမခံနိုင်တဲ့အတွက် သူတို့ဟာ ရင့်ရင့်သီးသီးပြောဆိုပြီး ကားပေါ်ကနေ နှင်ချခဲ့တာဖြစ်တယ်လို့ ယာဉ်မောင်းနဲ့ ယာဉ်အကူက ၀န်ခံပြောဆိုပါတယ်။