A d v e r t i s e m e n t With Us

ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ ဖွဲ့စည်း

ရန်ကုန်မြို့ ဘက်စုံသယ်ယူပို့ဆောင်ရေးကို ကြီးကြပ်ကွပ်ကဲဖို့ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။ ရန်ကုန်မြို့  သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့မှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနဲ့ ရန်ကုန်ဘတ်စ်ကားအများပိုင်ကုမ္ပဏီ ဥက္ကဋ္ဌတို့က နာယက၊ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတွေအနေနဲ့ ပါဝင်ပြီး မထသဗဟိုဥက္ကဋ္ဌနဲ့ တခြားပညာရှင်တွေက အဖွဲ့ဝင်တွေအဖြစ် ပါဝင်ပါတယ်။ ဇူလိုင် ၈ ရက်နေ့မှာ တရားဝင် ဖွဲ့စည်းလိုက်တာဖြစ်ပြီး လုပ်ငန်းတွေတော့ စတင်မလုပ်ဆောင်သေးပါဘူး။ “လုပ်ငန်းစဉ်ကတော့ အများကြီးပဲ။ ရန်ကုန်မြို့ရဲ့ သယ်ယူပို့ဆောင်ရေးနဲ့ ပတ်သက်တာ၊ နောက် ယာဉ်ကြောပိတ်တဲ့ဟာတွေပေါ့နော်။ နောက်ဖြေရှင်းမယ့်ဟာတွေပေါ့၊ ထပ်ပြီးတော့ လုပ်သွားပါမယ်။ ဆရာတို့ကတော့ အခု ဥပဒေအရ ဖွဲ့တုန်းပဲရှိသေးတယ်။ နောက် ဥပဒေက မပြီးသေးဘူး။ ဖွဲ့ရုံပဲ ဖွဲ့ရသေးတာ။ အစည်းအဝေး မထိုင်ရသေးဘူး။ အစည်းအဝေးထိုင်ပြီးမှ ဘာလုပ်မယ်ဆိုတာ၊ အခု ဆရာပြောတဲ့ဟာတွေကတော့ ယေဘုယျပေါ့။ ယေဘုယျဆိုတာ ဆရာတို့လုပ်မယ့် ပရိုဂရမ်အကြမ်းဖျဉ်းကတော့ ပထမဦးဆုံး ဘတ်စ်ကားစနစ်ကို စပြောင်းဖို့ပေါ့ အဲဒါကစမှာပေါ့။ ဒါ မကြာမီမှာ အသက်ဝင်လာမှာပဲ။ ဥပဒေကတော့ ရေးဆွဲတုန်းပဲ ရှိသေးတယ်” လို့ သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောပါတယ်။ သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ ဖွဲ့စည်းပြီးရင် လက်ရှိယာဉ်လိုင်းတွေကို  လျှော့ချတာ၊ အများပိုင်ကုမ္ပဏီတွေ တည်ထောင်တာတွေကို စတင်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီအဖွဲ့ကို ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေးမှာ ပိုကောင်းတဲ့  ကြီးကြပ်ကွပ်ကဲမှုတခုဖြစ်အောင် ဖွဲ့စည်းတာလည်း ဖြစ်တယ်လို့ အဖွဲ့ဝင် ဦးလှအောင်က ပြောပါတယ်။ “ကျနော်တို့က ဒီအဖွဲ့ကို ဖွဲ့တာကလည်း ပိုကောင်းတဲ့ ကြီးကြပ်ကွပ်ကဲစီမံမှုကို ဖော်ဆောင်ချင်လို့ ဒီအဖွဲ့ကို ဖွဲ့စည်းတာ ဖြစ်ပါတယ်။ ဒီလိုဖွဲ့စည်းတဲ့ အခါမှာလည်း လုပ်ကိုင်နိုင်အောင် ယာဉ်တွေနဲ့ပတ်သက်တဲ့ ပိုင်ဆိုင်မှုကိုလည်း ပြောင်းလဲမှာ ဖြစ်ပါတယ်။ အခုဆိုရင် ကျနော်တို့က ပုဂ္ဂလိကပိုင် ယာဉ်တွေကို အခြေခံထားတယ်။ တကယ်လို့ ဒီအဖွဲ့ကြီးပေါ်ပေါက်ပြီ၊ ကြီးကြပ်ကွပ်ကဲတော့မယ်ဆိုရင် ကုမ္ပဏီစနစ်နဲ့ ဖွဲ့စည်းတဲ့ ယာဉ်တွေကို ကြီးကြပ်သွားမယ်လို့၊ ဒါအကြမ်းဖျင်း ကျနော့်အနေနဲ့ သိရှိပါတယ်။” အများပြည်သူ သွားရေးလာရေး အဆင်ပြေ ချောမွေ့စေပြီး ယာဉ်ကြောကြပ်တာတွေကို တာဝန်ယူပြီး ကွပ်ကဲပေးမယ်လို့လည်း အဖွဲ့အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေးကို လက်ရှိ ကြီးကြပ်ကွပ်ကဲနေတဲ့ မထသ(ဗဟို) ကိုလည်း ဖျက်သိမ်းသွားမှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်တွေကို လာမယ့် အောက်တိုဘာလမှာ စတင်လည်ပတ်နိုင်မယ်လို့လည်း ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up