A d v e r t i s e m e n t With Us

မင်းပြားမြို့နယ်တွင် ရေကြီးပြီးနောက် လူ ၁၀၀ ကျော် အရေပြားနှင့် ၀မ်းပျက်ဝမ်းလျှောဖြစ်ပွား

ရေလွှမ်းမိုးဒဏ်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ကျေးရွာ ၃ သုံးရွာမှာ ကလေးလူကြီး ၁၀၀ ကျော် အရေပြားရောဂါနဲ့ ၀မ်းပျက်ဝမ်းလျှောဖြစ်နေကြပါတယ်။ ဇူလိုင် ၅ ရက်နေ့က မိုးသည်းခဲ့ပြီးနောက် နေအိမ်တွေနဲ့ သောက်သုံး ရေကန် တွေနစ်မြုပ်ခဲ့ ပါတယ်။ အခုရေပြန်လည်ကျသွားခဲ့ပေမယ့် ကျေးရွာ သောက်သုံးရေကန်တွေက ရေတွေကို သောက်သုံးကြတာကြောင့် တံခွန်တိုင်၊ ကုလားမတောင်နဲ့ မင်းဖူးကျေးရွာတွေမှာ အခုလိုဖြစ်ပွား နေတာပါ။ မင်းဖူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်လှက “ရွာမှာက သောက်ရေကန် ၈ ကန်ရှိတယ်၊ အကုန်နစ်မြုပ်သွားပါတယ်။ သောက်ဖို့သုံးဖို့ ရေလည်း မရှိဘူး။ အဲ့ဒါတွေကို သောက်သုံးနေရ ပါတယ်။ အခုဖြစ်ပွားနေတာက ၀မ်းရောဂါနဲ့ အရေပြားရောဂါပါ။ အမျိုးသားအမျိုးသမီး ၀မ်းရောဂါဖြစ်နေတာ ၈၀ ကျော်လောက်ရှိတယ်။ အရေပြားရောဂါက ၁၀ နှစ်အောက်လေးငယ် ၁၅ ယောက် လောက်ရှိတယ်ဗျ။ ကလေးတွေ ခန္ဓာကိုယ်တကိုယ်လုံး အဖု၊ အဖိန်းတွေ ထွက်နေတယ်။ ယားယံပြီးကုတ်ရင် ပေါ်ပြီးထွက်လာပါတယ်။ ရေက မသန့်ဘူးလေ။ နောက်ပြီးရွာမှာက ဆေးပေးခန်း မရှိဘူး။ ကုသဖို့အရေးတကြီး လိုနေတယ်”လို့ ပြောပါတယ်။ ကြက်ခြေနီအဖွဲ့နဲ့ မြန်မာနိုင်ငံ ကျန်းမာရေးစောင့်ရှောက်အဖွဲ့တို့ တကြိမ်ရောက်ရှိခဲ့ပြီး ဆေးအချို့ ပေးခဲ့ပေမယ့် လုံလောက်မှုမရှိခဲ့ဘူးလို့ သူကပြောပါတယ်။ ဒါအပြင် ကုလားမတောင်ကျေးရွာမှာ ၁၀ နှစ်အောက် ကလေး ၈ ဦးနဲ့ တံခွန်တိုင်ကျေး ရွာမှာ၁၀ နှစ်အောက်ကလေးငယ် ၂၀ ကျော်လောက် အရေပြားရောဂါ ဖြစ်ပွားနေပါတယ်။ တံခွန်တိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်က “ရေတက်လာပြီးကန်တွေ အကုန် နစ်မြုပ် ကုန်တယ်လေ။ သောက်လို့ မရတော့ဘူး။ မိုးရေတွေကိုသောက်သုံးနေကြတယ်။ မိုး မရွာတော့ ကန်ရေကို သောက်သုံးနေကြရပါတယ်။ အဲ့ဒီတော့ကလေးတွေ ပိုဆိုးကုန်တာပေါ့။ အခု ခန္ဓာကိုယ်တစ်လုံးအဖုတွေ ထွက်နေတာ ကလေး ၁၃ ယောက်ရှိပါတယ်။ ဆေးခန်းမရှိဘူး။ ကျန်းမာရေးစောင့်ရှောက်မှုအကူအညီတွေ အရမ်းလို အပ်နေတယ်။” အခုကိစ္စနဲ့ပတ်သက်လို့ မင်းပြားမြို့နယ် ကျန်းမာရေးဌာနကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။ ရခိုင်ပြည်နယ် မြို့နယ် ၅ မြို့နယ်မှာ ဒီလဆန်းပိုင်းက မိုးသည်ထန်ပြီးရေကြီးမှု တွေကြောင့် နေအိမ်နဲ့ လူနေအိမ်ခြေ ၅၀၂၉ နစ်မြုပ်သွားခဲ့ပြီး လူဦးရေ ၂၁၄၇၉ ဘေးလွှတ်ရာမှာ ခိုလှုံနေကြရ ပါတယ်။ အမ်းမြို့နယ်မှာ လူနေအိမ် ၁၁၄၅ အိမ်၊ လူဦးရေ ၄၆၈၇ ဦး၊ မင်းပြားမြို့နယ်မှာ လူနေအိမ်ခြေ ၂၈၉၃၊ လူဦးရေ က ၁၂၀၁၀ ဦး၊ ဘူးသီးတောင်မြို့နယ်မှာတော့ လူနေအိမ်ခြေ ၉၀ အိမ်၊ လူဦးရေ ၄၂၈ ဦး၊ ကျောက်တော်မြို့နယ်မှာ လူနေအိမ် ၁၃၀ အိမ်၊ လူဦးရေ ၆၅၈ ဦး၊ မြောက်ဦးမြို့နယ်မှာတော့ လူနေအိမ် ၇၇၁ အိမ်၊ လူဦးရေ ၃၆၉၆ ရှိပြီးလို့ လူမှုကယ်ဆယ်ရေး အဖွဲ့နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနက ပြောပါတယ်။ သတင်း - ဝဏ္ဏခွာညို

A d v e r t i s e m e n t With Us

More News
Up