A d v e r t i s e m e n t With Us

မလေးရှားကမ်းလွန်တွင် အင်ဒိုနီးရှား ငါးဖမ်းသင်္ဘောသား ၃ ဦး ပြန်ပေးဆွဲခံရ

ဓာတ်ပုံ - စီအန်အေ
မလေးရှားနိုင်ငံရဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ အင်ဒိုနီးရှားနိုင်ငံသား ၃ ဦးကို သေနတ်သမားတွေက ပြန်ပေးဆွဲသွားတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ဇူလိုင် ၁၁ ရက်နေ့က ပြောဆိုလိုက်ပါတယ်။ ဒါဟာ အရှေ့တောင်အာရှဒေသအတွင်း အကြီးစား ပင်လယ်ရေလမ်း ကုန်သွယ်ရေး လမ်းကြောင်းပေါ်မှာ နောက်ဆုံးပြန်ပေးဆွဲမှုပါ။ မလေးရှားအလံလွှင့်ထူထားတဲ့ ငါးဖမ်းသင်္ဘောပေါ်မှာ အလုပ်လုပ်နေတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၃ ဦးဟာ ဇူလိုင် ၉ ရက်နေ့ နှောင်းပိုင်းက ဘော်နီယိုကျွန်းရဲ့ ကမ်းလွန်ဖြစ်တဲ့ ဆာဘာမြို့ အရှေ့ဘက် ကမ်းရိုးတန်းမှာ ပြန်ပေးဆွဲခံရတာပါ။ သင်္ဘောသား ၇ ဦးပါတဲ့ ငါးဖမ်းလှေကို စပိဘုတ်စီးလာတဲ့ လက်နက်ကိုင်ယောက်ျား ၅ ဦးက တိုက်ခိုက်ခဲ့တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာစူဒီက ပြောပါတယ်။ လှေပေါ်က လူ ၄ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ၃ ဦးကို ပြန်ပေးဆွဲခဲ့တယ်၊ အဲဒီနောက် ဖိလစ်ပိုင်တောင်ပိုင်းက တာဝီတာဝီကျွန်းဆီ ဦးတည် ခေါ်သွားတယ်ဆိုတာ နားလည်ထားတယ်လို့ ပြောပါတယ်။ ပြန်ပေးဆွဲသူ ၅ ဦးဟာ ရိုင်ဖယ်သေနတ်တွေအပြင် ဗုံးသီးလောင်ချာတခုပါ ရှိနေတယ်လို့ မလေးရှားရဲတွေက ပြောပါတယ်။ အချိန်တလမပြည့်မီမှာ အင်ဒိုနီးရှား နိုင်ငံသားတွေ အပါအဝင် ပြန်ပေးဆွဲမှု ၃ မှု ရှိသွားပါပြီ။ အဲဒီဒေသတွင်းမှာပဲ ဇွန် ၂၀ ရက်နေ့က တခြားလူ ၇ ဦးကို လက်နက်ကိုင် စစ်သွေးကြွတွေက ပြန်ပေးဆွဲခဲ့ပါတယ်။ ဒီလုပ်ရပ်မျိုးကို သည်းမခံနိုင်ဘူး၊ ဖိလစ်ပိုင် ဒါမှမဟုတ် မလေးရှားအစိုးရတို့က ချက်ချင်း အရေးယူ ဆောင်ရွက်သင့်တယ်လို့ ထပ်ပြောပါတယ်။ ပြန်ပေးဆွဲခံတွေ ပြန်လွှတ်ရေး လိုအပ်တာတွေကို အင်ဒိုနီးရှားအစိုးရက ကူညီဖို့ အဆင်သင့်ပဲလို့လည်း မာစူဒီက ပြောပါတယ်။ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် ၃ နိုင်ငံကြားက စည်ကားတဲ့ ပင်လယ်ပြင်မှာ ဖြတ်သန်းခုတ်မောင်းတဲ့ သင်္ဘောတွေဟာ ဖိလစ်ပိုင်တောင်ပိုင်းက စစ်သွေးကြွအုပ်စုတွေအတွက် ပစ်မှတ် ဖြစ်လာနေတာပါ။ သူတို့ဟာ ပြန်ရွေးငွေကနေ အမေရိကန်ဒေါ်လာ သန်းဆယ်ချီ ရနေကြပါတယ်။ ပင်လယ်ပြင်အတွင်း အပိုင်စီးမှုတွေ တိုးလာလို့ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဖိလစ်ပိုင် အစိုးရတွေဟာ ဒေသတွင်း ဘေးကင်းရေးအတွက် ညှိနှိုင်း ကင်းလှည့်ကြဖို့ အရင်လက သဘောတူခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up