ရုရှားတင်းနစ်မယ် ရှာရာပိုဗာ ဘရာဇီးအိုလံပစ်ပွဲတွင် ပါဝင်ခွင့်မရ

ဓာတ်ပုံ - ရိုက်တာ
797
တားမြစ်ဆေးသုံးစွဲမှုနဲ့ အမှုရင်ဆိုင်နေရတဲ့ ဂရင်းစလန်းချန်ပီယံ ရုရှားတင်းနစ်မယ် ရှာရာပိုဗာဟာ ဘရာဇီးအိုလံပစ်ပွဲမှာ မကစားရဖို့ သေချာသွားပါပြီ။
တင်းနစ်ကစားခွင့် ၂ နှစ် ပိတ်ပင်ခံထားရတဲ့ စီရင်ချက်ကို လျှော့ပေါ့ပေးဖို့ ရှာရာပိုဗာက အယူခံဝင်ထားပေမယ့် အားကစားခုံရုံးက မဆုံးဖြတ်သေးဘဲ စက်တင်ဘာလအထိ ရုံးချိန်း ရွှေ့လိုက်တဲ့အကြောင်း ဇူလိုင် ၁၁ ရက်နေ့မှာ ကြေညာပါတယ်။
အယူခံကို ဆုံးဖြတ်ဖို့အတွက် လိုအပ်တဲ့ သက်သေအထောက်အထားတွေ ခိုင်လုံအောင် စုဆောင်းဖို့ အချိန်လိုအပ်တာကြောင့် စက်တင်ဘာ ၁၉ ရက်နေ့အထိ ရွှေ့ဆိုင်းလိုက်တဲ့အကြောင်း ခုံရုံးရဲ့ ကြေညာချက်က ဆိုပါတယ်။
ကမ္ဘာ့နံပါတ် ၁ ဖြစ်ခဲ့ဖူးတဲ့ အသက် ၂၉ နှစ်အရွယ် ရှာရာပိုဗာရဲ့ နာမည်ကို ရုရှားအရာရှိတွေက ရီယိုအိုလံပစ်ကို စေလွှတ်မယ့် အားကစားသမားစာရင်းမှာ ထည့်ထားပါတယ်။
ဒါပေမယ့် ရှာရာပိုဗာဟာ ဇန်န၀ါရီလတုန်းက ယှဉ်ပြိုင်ခဲ့တဲ့ သြစတြေးလျအိုးပင်း ပြိုင်ပွဲတုန်းက တားမြစ်ထားတဲ့ Meldonium ဆေးကို သုံးစွဲခဲ့တဲ့အကြောင်း စစ်ဆေးတွေ့ရှိတဲ့အတွက် တင်းနစ်ကစားခွင့် ၂ နှစ် ပိတ်ပင်ခံထားရပါတယ်။