တောင်တရုတ်ပင်လယ်တွင်း တရုတ်စစ်ရေးလေ့ကျင့်

တရုတ်စစ်သင်္ဘောတွေ၊ တိုက်ခိုက်ရေးလေယာဉ်တွေနဲ့ ရေငုပ်သင်္ဘောတွေဟာ တောင်တရုတ်ပင်လယ်မှာ စစ်ရေးလေ့ကျင့်ကြတယ်လို့ နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ပါတယ်။ တရုတ်နိုင်ငံက ဒီစစ်ရေးလေ့ကျင့်မှုဟာ အစဉ်အလာအတိုင်းလေ့ကျင့်တာလို့ပြောပေမယ့်လည်း တရုတ်နိုင်ငံနဲ့ ရေပိုင်နက်အငြင်းပွားနေတဲ့ ဖိလစ်ပိုင်နိုင်ငံကတိုင်ကြားချက်အပေါ် နိုင်ငံတကာ အနုညာတ တရားရုံးက ဇူလိုင် ၁၂ ရက်နေ့ ဆုံးဖြတ်ဖို့ရက်ပိုင်းအလိုမှာ ဖြစ်ပါတယ်။ ဇူလိုင် ၄ ရက်နေ့က စတင်တဲ့ သီတင်းတပတ်ကြာ စစ်ရေးလေ့ကျင့်မှုကို တရုတ် ဗဟိုရုပ်မြင်သံကြားမှာ ပသရာမှာ ဗီယက်နမ်နဲ့ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ပါရာစယ်ကျွန်းတ၀ိုက်မှာ ရေတပ်သင်္ဘော ၃ စီးလေ့ကျင့်ပုံပါဝင်ပါတယ်။ ရုပ်သံပြသချက်မှာ ဒုံးကျည်တွေနဲ့ တော်ပီဒိုကို သင်္ဘောတွေ၊ တိုက်လေယာဉ်တွေ၊ ရေငုပ်သင်္ဘောတွေကနေ ပစ်ခတ်တာကို ပါရှိပါတယ်။ ဒီလေ့ကျင့်မှုဟာ ရေတပ်ရဲ့ တိုက်ပွဲဝင်အသင့်အသင့်အနေအထားရှိမှုအတွက် စမ်းသပ်တာဖြစ်ကြောင်းနဲ့ တနင်္လာနေ့ ဇူလိုင် ၁၁ ရက်နေ့ထိ လေ့ကျင့်မယ်လို့ စီစီတီဗွီက ပြောပါတယ်။ သီတင်းပတ်စောစောပိုင်းက ဗီယက်နမ်နိုင်ငံမှာ ဒီစစ်ရေးလေ့ကျင့်မှုကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြပြီး တရုတ်အနေနဲ့လုံခြုံရေးနဲ့ အဏ္ဏ၀ါရေပြင်လုံခြုံမှုကို ခြိမ်းခြောက်တဲ့ အပြုအမူတွေရပ်တန်းကရပ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဗီယက်နမ်၊ တရုတ်နဲ့ ထိုင်ဝမ်နိုင်ငံတို့ဟာ ပါရာစယ်ကျွန်းတွေကို သူပိုင်ကိုယ်ပိုင် အငြင်းပွားနေကြတာ ဖြစ်ပြီး လတ်တလောမှာ တရုတ်က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ ဒီ ၃ နိုင်ငံနဲ့အတူ ဖိလစ်ပိုင်၊ မလေးရှားနဲ့ ဘရူနိုင်းနိုင်ငံတို့ဟာလည်း စပရက်တလေကျွန်းတွေရဲ့ အစိတ်အပိုင်း သို့မဟုတ် အကုန်လုံးကို ပိုင်ဆိုင်တယ်လို့ အသီးသီး ထုတ်ဖော်ပြောဆို အငြင်းပွားနေကြပါတယ်။ အဲဒီနေရာတွေဟာ သဘာဝအရင်းအမြစ်တွေ ကြွယ်ဝပြီး ကမ္ဘာ့ အဓိကကျတဲ့ ကုန်သွယ်မှုလမ်းကြောင်းတွေထဲက တခုထဲမှာ ပါဝင်ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up