တရုတ်တွင် စူပါတိုင်ဖွန်းမုန်တိုင်း တိုက်ခတ်၊ ၆ ဦးသေ ၈ ဦးပျောက်ဆုံးနေ

တရုတ်နိုင်ငံ ကုန်းတွင်းပိုင်းဒေသမှာ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း နီပါတက်ခ် တိုက်ခတ်ခဲ့လို့ လူ ၆ ဦးသေဆုံးပြီး အနည်းဆုံး ၈ ဦး ပျောက်ဆုံးနေခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေမှာ ဖော်ပြပါတယ်။
စူပါတိုင်ဖွန်းမုန်တိုင်း နီပါတက်ခ်ဟာ ဇူလိုင် ၈ ရက်နေ့က ထိုင်ဝမ်ကို ဦးစွာ ၀င်ရောက်တိုက်ခတ်ခဲ့ချိန်မှာ ဒေသခံ ၁၅၀၀၀ နီးပါး နေအိမ်တွေကို စွန့်ခွာ ထွက်ပြေးခဲ့ကြရတာပါ။
ဒါဟာ ရာစုနှစ်တခုအတွင်း အင်အားအပြင်းဆုံး တိုင်ဖွန်းမုန်တိုင်းတခုဖြစ်တယ်လို့ အေအက်ဖ်ပီ သတင်းတပုဒ်ကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
တရုတ်နိုင်ငံ၊ ဖူဂျီယမ်ခရိုင်တွင်းကို ၀င်ရောက်ခဲ့ချိန်မှာ မုန်တိုင်းဟာ အားပျော့သွားခဲ့ပြီလို့ ဆိုရမှာဖြစ်ပေမယ့် သတင်းဓာတ်ပုံတွေထဲမှာတော့ မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ ကားတွေ၊ ပြိုပျက်နေတဲ့ အဆောက်အအုံတွေ၊ အညိုရောင်ရွှံ့ထူထူတွေနဲ့ ဖုံးလွှမ်းနေတဲ့ မြို့တွေကို တွေ့ရပါတယ်။
ဇူလိုင် ၁၁ ရက်နေ့နှောင်းပိုင်း ထုတ်ပြန်ချက်တွေအရ တရုတ်ကုန်းတွင်းပိုင်းမြို့ ၁၀ မြို့မှ မြို့ခံဦးရေ ၂ သိန်းလောက်ဟာ ဘေးကင်းရာ အရပ်ဒေသတွေဆီ ရွှေ့ပြောင်း နေထိုင်ကြရပြီး အိမ်ပေါင်း ၁၉၀၀ လောက် ပျက်စီးသွားခဲ့တယ်လို့ ဆင်ဟွာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
လက်ရှိမှာတော့ လူ ၆ ဦးသေဆုံးပြီး ၈ ဦးပျောက်ဆုံးနေခဲ့ကာ ခန့်မှန်းပျက်စီးဆုံးရှုံးမှုတန်ဖိုး ယွမ်ငွေသန်းပေါင်း ၈၆၀ (အမေရိကန်ဒေါ်လာ ၁၂၉ သန်း) ရှိတယ်လို့ ဆိုပါတယ်။
ဖူဂျီယမ်ခရိုင်ထဲမှာ လျှပ်စစ်မီးတွေ ပြတ်တောက်နေခဲ့ပြီး လေဆိပ် ၅ ခုကို ပိတ်ထားခဲ့ရကာ အမြန်ရထား ခရီးစဉ်တွေကိုလည်း ဖျက်သိမ်းထားခဲ့ရတယ်လို့ သည်ဂလိုဘယ်တိုင်းမ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။
ထိုင်ဝမ်မှာတော့ လူ ၃ ဦးသေဆုံးပြီး လူပေါင်း ၃၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ ဗဟိုအရေးပေါ် ကူညီကယ်ဆယ်ရေးစင်တာက သတင်းထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံ ဗဟိုမိုးလေ၀သနဲ့ ဇလဗေဒ ဦးစီးဌာနကတော့ ခရိုင်နဲ့ ဒေသ ၁၄ ခုမှာ ပြင်းထန်တဲ့ မိုးရွာသွန်းနိုင်မှု အခြေအနေကို အပြာရောင်အဆင့် သတ်မှတ်ထားတာပါ။