တောင်တွင်းကြီးမြို့ အာဇာနည်ရင်ပြင်တွင် ထားရှိမည့် ပုံတူကြေးသွန်းရုပ်တုများ သယ်ဆောင်

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ရှိ အာဇာနည်ရင်ပြင်မှာ ဂုဏ်ပြုစိုက်ထူထားရှိမယ့် အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ပုံတူကြေးသွန်းရုပ်တုတွေကို မန္တလေးမြို့ကနေ တောင်တွင်းကြီးမြို့ကို သယ်ဆောင်လာပါတယ်။
အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ပုံတူကြေးသွန်းရုပ်တုတွေကို မန္တလေးမြို့ကနေတဆင့် ကျောက်ပန်းတောင်မြို့နယ်၊ ရေနံချောင်းမြို့နယ်၊ မကွေးမြို့နယ်တွေကို ဖြတ်သန်းပြီး တောင်တွင်းကြီးမြို့သို့ သယ်ဆောင်ခြင်းခရီးစဉ်ကို ဒီနေ့ မွန်းလွဲ ၁ နာရီလောက်က စတင်ကာ ကြေးသွန်းထုလုပ်တဲ့ မန္တလေးမြို့ တမ္ပ၀တီရပ် ချမ်းသာအောင်မြန်မာမှု ကြေးသွန်းလုပ်ငန်းမှ စတင် သယ်ဆောင်လာခဲ့တာဖြစ်ပါတယ်။
ကြေးသွန်းရုပ်တုတွေကို ဂုဏ်ပြုသွန်းလုပ်ရာမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ကြေးသွန်းရုပ်တုသည် အမြင့် ၉ ပေ၊ ကြေး ပိဿချိန် ၁၃၅ ပိဿရှိပြီး ကုန်ကျငွေကျပ် ၁၃၅ သိန်းကို အများပြည်သူကောင်းမှုနဲ့ သွန်းလုပ်ခဲ့တာဖြစ်ပြီး ကျန်ရှိတဲ့ အာဇာနည်ခေါင်းဆောင်ကြီး ၈ ဦးရဲ့ ကြေးသွန်းရုပ်တုတွေကို အမြင့် ၃ ပေ၊ ကြေးပိဿာချိန် ၇၀ ပိဿာခန့်ရှိကာ တခုကို တန်ဖိုးငွေကျပ် သိန်း ၄၀ နဲ့ အလှူရှင် ၈ ဦးမှလှူဒါန်းခဲ့ပြီး အာဇာနည်ခေါင်းဆောင်ကြီး ၉ ဦးရဲ့ ကြေးသွန်းရုပ်တု ၉ ခုကို တန်ဖိုးငွေ စုစုပေါင်း ၄၅၅ သိန်းကျပ် အကုန်အကျခံ ဂုဏ်ပြု သွန်းလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ကြေးသွန်းရုပ်တုတွေကို တောင်တွင်းကြီးမြို့ ဗိုလ်ချုပ်ပန်းခြံအတွင်း ဗိုလ်ချုပ်အောင်ဆန်းကြေးသွန်းရုပ်တုနဲ့ အာဇာနည်ရင်ပြင်မှာ အခုလာမည့် ၆၉ နှစ်မြောက် အာဇာနည်နေ့မှာ ဂုဏ်ပြုစိုက်ထူ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။
သတင်း - ဗိုလ်ပြည့် (တောင်တွင်းကြီး)