ကမ္ဘောဒီးယားအစိုးရကို အဓိက ဝေဖန်နေသူတဦး ပစ်သတ်ခံရ

ကမ်လေ။ (ဓာတ်ပုံ - အေပီ)
812
ကမ္ဘောဒီယားနိုင်ငံရဲ့ ထင်ရှားတဲ့ နိုင်ငံရေးကျွမ်းကျင်သူနဲ့ အစိုးရကို အဓိက ဝေဖန်နေသူတဦး ဇူလိုင် ၁၀ ရက်နေ့က ပစ်သတ်ခံရပါတယ်။
မြို့တော် ဖနွမ်းပင်က ဓာတ်ဆီဆိုင်တဆိုင်မှာ ပစ်ခတ်ခံရပြီး သေဆုံးသွားတာလို့ ရဲတပ်ဖွဲ့ကို ကိုးကားပြီး ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။
မကြာခင်မှာပဲ ပစ်သတ်ခဲ့သူလို့ သံသယရှိသူတဦးကို ဖမ်းဆီးရမိခဲ့ပြီး ဘာရည်ရွယ်ချက်နဲ့ ပစ်ခတ်တယ်ဆိုတာတော့ မသိသေးပါဘူး။
အစိုးရအတိုက်အခံ ကမ်လေ (Kem Ley) ဟာ ကမ္ဘောဒီးယား အခြေခံလူတန်းစားတွေအရေး တက်ကြွလှုပ်ရှားသူတဦးဖြစ်ပြီး ၀န်ကြီးချုပ် ဟွန်ဆန်ရဲ့ အစိုးရကို ဝေဖန်နေသူလည်း ဖြစ်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံဟာ ၁၉၉၃ ခုနှစ်က ပါတီစုံဒီမိုကရေစီစနစ်ကို ကူးပြောင်းခဲ့ပေမယ့်လည်း လက်ရှိ ၀န်ကြီးချုပ်ဟာ အတိုက်အခံတွေကို နှိပ်ကွပ်ပြီး အာဏာရှင်စနစ်ကို တည်ဆောက်နေတယ်လို့ အတိုက်အခံတွေက ဝေဖန်ကြပါတယ်။
ဝန်ကြီးချုပ်ဟွန်ဆန်ဟာ ကမ္ဘောဒီးယား ပြည်သူ့ပါတီကို ဦးဆောင်ပြီး နိုင်ငံကို ဦးဆောင်နေတာမှာ ၁၀ စုနှစ် ၂ ခုကျော်နေပြီ ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်က ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာလည်း အငြင်းပွားဖွယ် မဲရလဒ်နဲ့ သူ့ရဲ့ စီပီပီပါတီက အနိုင်ရခဲ့ပါတယ်။