တရားစွဲခံ ပရီမီယာကော်ဖီကုမ္ပဏီ အလုပ်သမား ၃၀၀ ကျော်အတွက် လုပ်ခသိန်း ၅၇၀ ပေး

3.7K
တရားစွဲဆိုခံထားရတဲ့ ပရီမီယာကော်ဖီ ကုမ္ပဏီအနေနဲ့ အလုပ်သမား ၃၂၀ အတွက် လုပ်အားခ ကျပ်သိန်း ၅၇၀ ကို ဒီနေ့ ဇူလိုင်လ ၁၁ ရက်နေ့က လှိုင်သာယာစက်မှုဇုန်က ကုမ္ပဏီရဲ့ စက်ရုံမှာ အလုပ်သမားတွေကို ထုတ်ပေးလိုက်ပါတယ်။
အလုပ်ရုံနှင့် ဥပဒေများစစ်ဆေးရေးဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးချစ်ပေါက “အလုပ်သမားတွေကိုပေးရမယ့် အချိန်ပိုကြေးတွေအပါအဝင် ပေးရမယ့်လုပ်အားခအားလုံး ကျပ်သိန်း ၅၇၀ ကျော်ပါ။ တရားစွဲထားတာကတော့ ဆက်ရင်ဆိုင်ရပါမယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။
ပရီမီယာကော်ဖီကုမ္ပဏီဟာ အလုပ်ရုံနှင့် ဥပဒေများစစ်ဆေးရေးဦးစီးဌာန (လှိုင်သာယာမြို့နယ်) က တရားလိုပြုပြီး တိုင်ကြားတဲ့အမှုအတွက် ဇူလိုင်လ ၁၂ ရက်နေ့မှာ လှိုင်သာယာမြို့နယ် တရားရုံးမှာ အမှုရင်ဆိုင်ရမှာဖြစ်ပါတယ်။
ဒီကုမ္ပဏီကိုအချိန်ပို လုပ်အားခ အပြည့်အဝမပေးတဲ့အတွက် ၁၉၅၁ အလုပ်ရုံများ အက်ဥဒေ ပုဒ်မ ၈၅နဲ့၊ နားရက်မပေးတဲ့အတွက် ၁၉၅၁ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ ၁၄(၁)တွေနဲ့ လှိုင်သာယာမြို့နယ်တရားရုံးမှာ ဇွန်လ ၂၈ ရက်နေ့က တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
စွဲဆိုထားတဲ့ဥပဒေတွေအရ ပြစ်မှုထင်ရှားရင် ၁၉၅၁ အလုပ်ရုံများ အက်ဥဒေ ပုဒ်မ ၈၅ အရ ပိုင်ရှင်နဲ့မန်နေဂျာကို ဒဏ်ငွေကျပ်သိန်း၂၀ စီ၊ ၁၉၅၁ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ ၁၄(၁)အရ ပိုင်ရှင်နဲ့ မန်နေဂျာကို ဒဏ်ငွေ ကျပ် ၅ သောင်းစီ ဒဏ်ရိုက်အရေးယူနိုင်ပါတယ်။