တန်ဝက်အလေးချိန်ကို မပြခဲ့သည့် ဗြိတိန်လူသန်ကြီး ကမ္ဘာ့စံချိန်တင် (ရုပ်သံ)

ဗြိတိန်နိုင်ငံမှ အလေးမအားကစားသမား အက်ဒီဟောလ်ဟာ တန်ဝက်အလေးချိန်ရှိတဲ့ အလေးကို မပြခဲ့ပြီးနောက် သမိုင်းမှာ မယုံနိုင်လောက်စရာ အံ့ဖွယ်လူသားတဦး ဖြစ်လာခဲ့ပါတယ်။
ခုလို အလေးချိန်ကို မ ပြခဲ့တဲ့ အခိုက်အတန့်မှာ ခေါင်းထဲက သွေးကြောတွေ ပေါက်ထွက်တော့မတတ်ဖြစ်ခဲ့ပြီး သိစိတ်ပျောက်သွားခဲ့တယ်လို့ သူက ၀န်ခံလိုက်ပါတယ်။
ခုချိန်မှာတော့ အရပ်အမြင့် ၆ ပေ ၃ လက်မရှိတဲ့ အသက် ၂၉ နှစ်အရွယ် အက်ဒီ ဟောလ်ဟာ အလေးချိန် ၅၀၀ ကီလိုဂရမ်လောက်ကို အသာလေး မပြနိုင်တဲ့ အလေးမဘုရင် ဖြစ်လာခဲ့ပါပြီ။
ကမ္ဘာ့စံချိန်ချိုးခဲ့တဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့ချိန်မှာတော့ အချိန် ၂၄ နာရီအတွင်း ၀င်ရောက်ကြည့်ရှုသူ ၃ သန်းနီးပါး ရှိခဲ့ပါတယ်။
ဒါပေမယ့် ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ သူဟာ အဲဒီလို မ ပြခဲ့ပြီးနောက် ဒူးကွေးကျခဲ့ပြီး သိစိတ်ပျောက်သလို ဖြစ်သွားခဲ့တာကို တွေ့ရမှာပါ။
သူ့ရဲ့ဇနီးဖြစ်သူ အလက်ဇန္ဒရာနဲ့ ကလေး ၂ ဦးတို့ဟာလည်း ပရိသတ်တွေနဲ့အတူ ရှိနေခဲ့ကြပြီး သူ့ကို စိတ်ပူနေခဲ့ကြကာ စံချိန်ချိုးခဲ့ချိန်မှာမှ ပြုံးပျော်နိုင်ခဲ့ကြပါတယ်။
သူ့အနေနဲ့ ကမ္ဘာ့အသန်မာဆုံး ချန်ပီယံပြိုင်ပွဲကို ဆက်ယှဉ်ပြိုင်ပြီး အနိုင်ရဖို့ မျှော်လင့်ထားတယ်လို့ မေရာသတင်းမှာ ဇူလိုင် ၁၀ ရက်နေ့က ဖော်ပြပါတယ်။
“ဒါက ကျနော့်ကို သေလုနီးပါးပဲ ဖြစ်စေတယ်။ ကျနော့် ခန္ဓာကိုယ်ဖိအားဟာ အဲဒီအချိန်မှာ အိပ်မက်လို ဖြစ်နေတာဗျ။ ကျနော် သိစိတ်တွေ လွတ်သွားခဲ့တယ်။ နှာခေါင်းသွေးတွေ လျှံတယ်။ ဒါပေမယ့် ကျနော်လုပ်နိုင်ခဲ့ပြီ။ အချိန်ကာလကြာ ကျနော်ဟာ သမိုင်းမှာ ရှိနေမှာပဲ။ ကမ္ဘာ့အသန်မာဆုံးလူသား ဖြစ်လာဖို့က ကျနော့်အိပ်မက်ပါ။ ဒါဟာ ဖြစ်လာပါလိမ့်မယ်။”