Home
မြန်မာသတင်း
လူငယ်များရဲ့ ဧရာဝတီရင်ခုန်သံပြပွဲ ပြုလုပ်
ရွှေအောင်
·
September 23, 2011
လူငယ်များရဲ့ ဧရာဝတီရင်ခုန်သံပြပွဲကို ဒဂုံမြို့သစ်မြောက်ပိုင်းမှာရှိတဲ့ နာရေးကူညီမှုအသင်း ရန်ကုန်မှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။ လူမှုရေးလုပ်ငန်းတွေလုပ်နေတဲ့ နာရေးကူညီမှုအသင်းနဲ့ ဧရာဝတီကို ထာဝရ ရှင်သန်စေလိုသူတွေ ပူးပေါင်းပြီး ဒီပြပွဲကိုပြုလုပ်ကြတာပါ။ အက်ဆေး၊ ကဗျာ၊ ဂီတ၊ အတွေးအမြင်ဖလှယ်မှုလို့ဆိုတဲ့ ဒီပွဲမှာ လူငယ်ဟစ်ဟော့ အဆိုတော် တွေဖြစ်တဲ့ အနဂ္ဂ၊ ဇေယျာသော်၊ ရသတို့က သီဆိုဖျော်ဖြေခဲ့ပြီး စာရေးဆရာနဲ့ ကဗျာဆရာတွေက ကဗျာရွတ်ဖတ်ကာ ပတ်ဝန်းကျင်ချစ်မြတ်နိုးသူတွေက စာတမ်းဖတ်ခဲ့ကြပါတယ်။ ပွဲစီစဉ်တဲ့ နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ကိုကျော်သူက ဧရာဝတီနဲ့ ပတ်သက်ပြီး သူ့အမြင်ကို အခုလိုပြောပါတယ်။ “ကျနော်ဆိုလိုချင်တာက ဥပမာ မေခက အစိုးရဆိုရင် မလိခက ပြည်သူ၊ ပြည်သူက မေခဆိုရင် မလိခက အစိုးရ။ မြန်မာပြည်ကို တည့်တည့်မတ်မတ် ကြည့်ရင်တော့ အကောင်းဆုံးပါ။ မြန်မာပြည်ကို ဇောက်ထိုးကြည့်တယ် ဆိုရင်တော့ ဒါ ဧရာဝတီမြစ်ကနေပြီးတော့ မေခ၊ မလိခ ပြည်သူနဲ့ အစိုးရ ကွဲသွားမယ့် သဘော ရှိနေတာပဲ။” ဒီပွဲကို ပါဝင်ဆင်နွှဲရတာနဲ့ပတ်သက်လို့ ဟစ်ဟော့အဆိုတော့ အနဂ္ဂက “တိုင်းသူပြည်သားတယောက်အနေနဲ့ပဲ ဖြစ်ဖြစ်၊ အနုပညာရှင် အနေနဲ့ပဲ ဖြစ်ဖြစ်၊ လူငယ်တယောက်အနေနဲ့ပဲ ဖြစ်ဖြစ် ဧရာဝတီအတွက် ကျနော်တို့ ထုတ်ပေးသင့်တဲ့ အသံ၊ ထုတ်ပေးသင့်တဲ့ ခံစားချက်၊ ထုတ်ပေးသင့်တဲ့ ကျနော်တို့ဘက်က အမြင်၊ ပြီးတော့ ပြည်သူတယောက်ရဲ့ အမြင်၊ ပြည်သူ တယောက်ရဲ့ အသံ၊ အနုပညာရှင် တယောက်ရဲ့ အသံအနေနဲ့ ကျနော်တို့ သွားထုတ်ပေးတာပါ” လို့ ပြောပါတယ်။ လူငယ်များရဲ့ဧရာဝတီ ရင်ခုန်သံပြပွဲကို မနက်ဆယ်နာရီကနေ ညနေပိုင်းအထိ ကျင်းပခဲ့ပြီး ဧရာဝတီကိုချစ်တဲ့ အနုပညာရှင်၊ စာရေးဆရာ၊ ကဗျာဆရာ၊ သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးသူတွေ၊ ခန်းလုံးပြည့်လာရောက် အားပေးကြည့်ရှုသူတွေနဲ့ စည်ကားခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂၂ ရက်ကလည်း ဧရာဝတီကောက်ကြောင်း အမည်ရ အနုပညာပြပွဲတခု ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အားပေးခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024