အမြန်လမ်းတွင် ဘုရားဖူးယာဉ်တစီး အရှိန်လွန်တိမ်းမှောက်၊ ၂ ဦးသေဆုံး (သတင်းဓာတ်ပုံ)

2.2K
ပဲခူးတိုင်းဒေသကြီး၊ ရေနီမြို့ကနေ မန္တလေးတိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ကျောက်စိမ်းဘုရားကို သွားရောက်ဖူးမြော်တဲ့ ခရီးသည်တင် Light Truck ကားတစီး ဇူလိုင် ၁၀ ရက်က အရှိန်လွန်တိမ်းမှောက်ခဲ့ရာမှာ အနည်းဆုံး ယာဉ်မောင်းတဦးနဲ့ ဘုရားဖူးတဦး အခင်းဖြစ်ပွားရာနေရာမှာပဲ သေဆုံးခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
တိမ်းမှောက်ခဲ့တဲ့ ယာဉ်ပေါ်မှာ ကျောင်းသာ၊ ကျောင်းသူတွေနဲ့ ကျောင်းဆရာမတွေ ပါဝင်ပြီး အားလုံး ထိခိုက်ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပါတယ်။
ယာဉ်အရှိန်လွန်ပြီး ရှေ့ဘီးကျွတ်ထွက်ကာ လမ်းဘေးကို တိမ်းမှောက်သွားခဲ့တာ ဖြစ်တယ်လို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ရှေးဦးသူနာပြု မန်နေဂျာ ဒေါ်နီနီမိုးက ပြောပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှ အမျိုးသမီး ၁၆ ဦး၊ အမျိုးသား ၁၃ ဦးတို့ဟာ ထိခိုက်ဒဏ်ရာ ပြင်းထန်တဲ့အတွက် နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံမှာ ဆေးကုသခံယူနေကြပါတယ်။