အိန္ဒိယရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများ ပဋိပက္ခဖြစ်၊ ၉ ဦး သေဆုံး

အိန္ဒိယနိုင်ငံမြောက်ပိုင်းက ဂျမူးနဲ့ ကတ်မီးယားမှာ ဇူလိုင် ၉ ရက်နေ့က အိန္ဒိယရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံဆန္ဒပြသူတွေကြား ပဋိပက္ခတွေဖြစ်ပွားပြီး အနည်းဆုံး လူ ၉  ဦးသေဆုံးခဲ့ပါတယ်။ ဇူလိုင် ၈ ရက်နေ့က ကတ်မီးယားခွဲထွက်ရေး၊ စစ်သွေးကြွ ခေါင်းဆောင်တဦးနဲ့ နောက်လိုက် ၂ ဦးတို့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့မှုအတွင်း သေဆုံးခဲ့ကြတာပါ။ ဒေသခံ ခွဲထွက်ရေးခေါင်းဆောင် ကျဆုံးတာကို မကျေနပ်လို့ ဆန္ဒပြသူတွေက ပြည်နယ်မြို့တော် စရီနာဂါမြို့တောင်ပိုင်းက ရဲစခန်းတွေနဲ့ အစိုးရအဆောက်အဦတွေကို မီးရှို့ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေက လုံခြုံရေးတပ်ဖွဲ့တွေကို ကျောက်ခဲတွေနဲ့ ပစ်ခတ်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေကလည်း မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်လူစုခွဲခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင် ၃ ဦး ပျောက်ဆုံးနေတယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်နယ်စပ်က အစ္စလာမ်ဘာသာဝင် အများစုနေထိုင်တဲ့ ကတ်မီးယားဒေသကို အိန္ဒိယနိုင်ငံက ထိန်းချုပ်ထားပြီး ဒေသခံစစ်သွေးကြွတွေက ခွဲထွက်ရေး တောင်းဆိုနေကြတာပါ။ ဇူလိုင် ၈ ရက်နေ့က ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ပြီး သေဆုံးသွားခဲ့တဲ့ အသက် ၂၂ အရွယ် ခွဲထွက်ရေးခေါင်းဆောင် ၀ါနီကလည်း အင်တာနက်လူမှုကွန်ရက်ကနေ လက်နက်စွဲကိုင်တော်လှန်ဖို့ တောင်းဆိုခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up