မြန်မာတပ်မတော်ရဲ့ ဒုတိယလေးလပတ် အစည်းအဝေးမှာ နယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်တွေ အပေါ်မှာ ပွင့်လင်းရာသီထိုးစစ်တွေနဲ့ စစ်တိုင်းအသစ် တိုးချဲ့မယ်ကိစ္စတွေကို ဆွေးနွေးကြမယ်လို့ စစ်ဘက် သတင်းရပ်တွေအရ သိရပါတယ်။

နေပြည်တော်မှာ အခုလာမယ့် စနေနေ့ ပြုလုပ်မှာဖြစ်တဲ့အတွက် ဒေသအသီးသီးက စစ်တိုင်းမှူးတွေ၊ တပ်မမှူး၊ စခကမှုးနဲ့ ဒကစမှုးတွေဟာ နေပြည်တော်ကို ရောက်ရှိနေကြပြီလို့ ဆိုပါတယ်။
ဒီအစည်းအဝေးမှာ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) အဖွဲ့နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့ရဲ့ နယ်မြေတွေမှာ ဖြစ်ပွားနေတဲ့ မြန်မာတပ်မတော် စစ်ဆင်ရေးတွေကိုလည်း ဆွေးနွေးကြမယ်လို့လည်း သိရပါတယ်။
ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းက ကေအိုင်အေစစ်ဆင်ရေးတွေကို အဓိကထား သုံးသပ်ဆွေးနွေးသွားမယ်လို့ နေပြည်တော်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။
တပ်မတော်ထဲမှာ တိုင်းမှူးနဲ့ တပ်မှူးတွေ နေရာအပြောင်းလဲကိုလည်း အခု လေးလပတ် အစည်းအဝေးမှာ ကြေညာမယ်လို့လည်း သိရပါတယ်။
အရပ်ဘက် စစ်ဗိုလ်ချုပ်ဟောင်းတွေကို အာဏာလွှဲပြောင်းလိုက်ပြီးနောက်ပိုင်း လွှတ်တော်အတွင်းရှိ တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ အခြေအနေနဲ့ အရပ်သား အစိုးရအဖွဲ့နဲ့ စစ်တပ်အပေါ် ဆက်ဆံရေးကိုလည်း အလေးထား ဆွေးနွေးကြမယ်လို့လည်း နယ်စပ်က စစ်ရေးအကဲခပ်တွေက ပြောကြပါတယ်။
`အဲဒီလေးလပတ် အစည်းအဝေးနဲ့ပတ်သက်လို့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုချက် မပေးနိုင်ပါဘူး။
စစ်ဘက်သတင်းရပ်ကွက်တွေအဆိုအရ မြန်မာနိုင်ငံ အနောက်မြောက်ဘက် အိန္ဒိယနယ်စပ် တနိုင်းမြို့မှာ အခြေစိုက်တဲ့ ဒေသကွက်ကဲရေးစစ်ဌာနချုပ် (တနိုင်း) ကို အဆင့်တိုးမြင့်ပြီး တိုင်းစစ်ဌာနချုပ်တခုအဖြစ် အသစ်ဖွဲ့စည်းမယ်လို့လည်း ကြားသိရပါတယ်။
မတ်လ ၃၀ ရက်နေ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကာကွယ်ရေးဦးစီးချုပ်ကနေ လွှဲပြောင်းလိုက်ပြီးတဲ့နောက်ပိုင်း အခုလို လေးလပတ်အစည်းအဝေးကို ဒုတိယမြောက် ခေါ်ယူတာပါ။