ခရီးသည်အိတ်ကို ထိုင်း တုပ်တုပ်နှင့်ဆိုင်ကယ်သမား ပူးပေါင်းခိုးယူမှု ရုပ်သံထွက်ပေါ်

ဟောင်ကောင်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်တဦးဟာ ဘန်ကောက်မြို့မှာ သုံးဘီး တုပ်တုပ်ဆိုင်ကယ်စီးရင်းနောက်မှာ လိုက်ပါလာချိန်မှာ ငွေနဲ့ တခြားအရေးကြီးတဲ့ စာရွက်စာတမ်းတွေပါတဲ့ သူ့ရဲ့အိတ်ကို ဘေးက ဖြတ်သွားတဲ့ ဆိုင်ကယ်သမားတဦးက လုယူသွားခဲ့ပါတယ်။
လုယူသွားခဲ့တဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ဂျီအိုထရစ်ပ်အမည်နဲ့ ဖေ့စ်ဘွတ်ခ်သုံးစွဲသူတဦးအမည်နဲ့ ဇူ လိုင်လ ၉ ရက်နေ့မှာ တင်ခဲ့တာပါ။
အဆိုပါခရီးသည်ဟာ တုပ်တုပ်မောင်းသူကိုလည်း ဒီကိစ္စမှာ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သံသယရှိခဲ့ပြီး ဆိုင်ကယ်သမားဟာ အိတ်ကို ဆွဲမလုယူခင်မှာ သူဟာ လက်နဲ့ အချက်ပြပေးခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။
အိတ်ထဲမှာ ဘတ်ငွေ ၁ သောင်း ၃ ထောင်၊ ဟောင်ကောင်ဒေါ်လာ ၁ ထောင်၊ သူ့ရဲ့ နိုင်ငံကူးလက်မှတ်စာအုပ်နဲ့ တခြားအရေးကြီးစာရွက်စာတမ်းတွေ ပါဝင်တယ်လို့ ဖော်ပြထားခဲ့တာပါ။
ခရီးသွားလုပ်ငန်းဆိုင်ရာ လက်ထောက်ရဲအရာရှိချုပ် အချာရွန် ခရိုင်သွန်က ရုပ် သံဗွီဒီယိုဖိုင်ထဲမှာ ဆိုင်ကယ်လိုင်စင်ပလိတ်ပြားမှာ နံပါတ်ကို ရှင်းရှင်းလင်းလင်းမြင်ရတာမို့ အဆိုပါ ဆိုင်ကယ်သမားနဲ့ တုပ်တုပ်မောင်းသူကို အမြန်ဆုံးဖမ်းဆီးသွားမယ်လို့ ပြောပါတယ်။
ဒီရုပ်သံဗွီဒီယိုဖိုင်နဲ့ပတ်သက်ပြီး ထိုင်းလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဝေဖန် မှုတွေ မြင့်တက်နေပါတယ်။
တချို့က ထိုင်းတုပ်တုပ်မောင်းသမားတွေဟာ ယေဘုယျအားဖြင့် ပူးပေါင်းလိမ်လည်ဖို့ ကြိုးစားနေကြသူတွေချည်းဖြစ်ကာ တချို့တုပ်တုပ်သမားတွေကတော့ ခရီးသည်ကို လမ်းမှာမကြာကြာအောင် ကွေ့ပတ်မောင်းပြီး မတန်တဆဈေးနဲ့ တောင်းယူကြလေ့ရှိတယ်လို့ ဝေဖန်နေကြတာပါ။