ဒေါ်အောင်ဆန်းစုကြည် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲ တက်မည်
ရွှေအောင်
·
July 10, 2016
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလကုန်ပိုင်း လာအိုနိုင်ငံမှာ ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်မယ်လို့ နိုင်ငံခြားရေးရာဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက ပြောပါတယ်။
အာဆီယံဥက္ကဋ္ဌတာဝန်ယူထားတဲ့ လာအိုနိုင်ငံမှာ ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲနဲ့ အာဆီယံနဲ့ မိတ်ဖက်နိုင်ငံများ စည်းဝေးပွဲတွေကို တက်ရောက်ဖို့ ၀န်ကြီးဌာနက ပြင်ဆင်ထားတယ်လို့လည်း ပြောပါတယ်။
“အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲ ရှိမယ်၊ အာဆီယံဒေသတွင်း ဖိုရမ် ရှိမယ်၊ အဲ့ဒါနဲ့ တဆက်တည်းမှာ အာဆီယံ ဂျပန်-မဲခေါင် စည်းဝေးပွဲ ရှိမယ်၊ အဲ့ဒါတွေအတွက် ပြင်ဆင်ထားတယ်၊ ၀န်ကြီးကတော့ အားလုံးတက်ဖို့ဆိုတဲ့ သဘောမျိုးနဲ့ ပြင်ထားပါတယ်။”
ဇူလိုင် ၂၁ ရက်မှာ အာဆီယံနိုင်ငံခြားရေး စည်းဝေးပွဲ စတင်မှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံခြားရေးဝန်ကြီးတဦးအဖြစ် ပထမဆုံး တက်ရောက်မယ့် အာဆီယံစည်းဝေးပွဲလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလအတွင်း လက်ရှိ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ လာအိုနိုင်ငံသမ္မတ မစ္စတာဘွန်ညံဗိုရာချစ်ရဲ့ ဖိတ်ကြားချက်အရ သမ္မတ ဦးထင်ကျော်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ လာအိုကို ပထမဆုံးချစ်ကြည်ရေးခရီး စတင်ခဲ့ပါတယ်။
အခုတခါ အာဆီယံနိုင်ငံခြားရေးဝန်ကြီးအဖြစ် ဒေါ်အောင်ဆန်းစုကြည် လာအိုကို ဒုတိယအကြိမ် သွားရောက်မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လအတွင်း မြန်မာနိုင်ငံကို ရောက်ခဲ့တဲ့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးမှာ တက်တက်ကြွကြွ ဦးဆောင်မှုပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။