ထိုင်းစတားဆင်ကြီးက ယူရို ၂၀၁၆ ဗိုလ်စွဲမည့်အသင်းအဖြစ် ပေါ်တူဂီကိုရွေးချယ်

1.3K
ထိုင်းနိုင်ငံမှ နာမည်ကျော် စတားဆင်ကြီး ဖလိုင် ခ၀မ်ဆူရင်က ခုနောက်ဆုံး ယှဉ်ပြိုင်မယ့် ယူရို ၂၀၁၆ နောက်ဆုံးဗိုလ်လုပွဲမှာ အနိုင်ရရှိမယ့်အသင်းအဖြစ် ပေါ်တူဂီကို ရွေးချယ်ခဲ့ပါတယ်။
ဇွန်လ ၉ ရက်နေ့က သာတွန်ခရိုင်၊ သာဖိုဆင်ကျေးရွာမှာ ကျင်းပခဲ့တဲ့ ခန့်မှန်းတဲ့ပွဲမှာ ခုလိုရွေးချယ်ပေးလိုက်တာလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲကို ဒီကနေ့ည ထိုင်းစံတော်ချိန် မနက် ၂ နာရီမှာ ယှဉ်ပြိုင်ကြတော့မှာပါ။
ပွဲစီစဉ်သူတွေဟာ ကြံရွက်တွေကို လှီးဖြတ်ပြီး လှလှပပပုံဖော်ထားတဲ့ စားပွဲတလုံးပေါ်မှာ ဖရဲသီး ၂ လုံးကို ၁ မီတာလောက်ခွာကာ တင်ထားခဲ့တာပါ။
အဲဒီဖရဲသီးတွေမှာ တလုံးရဲ့အပေါ်မှာ ပြင်သစ်လို့ရေးထားခဲ့ကာ နောက်တလုံး ပေါ်မှာတော့ ပေါ်တူဂီလို့ ရေးထားခဲ့တာပါ။
အဲဒီခန့်မှန်းပွဲမှာတော့ ဆင်ကြီးဟာ ပေါ်တူဂီလို့ ရေးထားတဲ့ ဖရဲသီးကို ရွေးချယ်ခဲ့တာမို့ ပေါ်တူဂီအသင်းဟာ အနိုင်ရရှိမယ့် အသင်းလို့ အဓိပ္ပါယ်ရသွားပါပြီ။
ဆင်ပညာပေးထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ တာဝန်ရှိသူတဦးဖြစ်တဲ့ ဆုသက် သအိုခွန်သော့ဒ်က ခုလိုကျင်းပရတဲ့ ရည်ရွယ်ချက်ဟာ အလောင်းအစားပြုလုပ်ဖို့ ရည်ရွယ်သူတွေကို ထောက်ပံ့တာမျိုးမဟုတ်ပဲ ယူရို ၂၀၁၆ ပြိုင်ပွဲကို အရောင်စုံအသက် ၀င်လာစေဖို့ အမှတ်တရပြုလုပ်တာသာဖြစ်တယ်လို့ ပြောပါတယ်။
အသက် ၂၇ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဆင်ကြီး ဖလိုင် ခ၀မ်ဆူရင်ဟာ ထိုင်းရုပ်ရှင် ကားတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့ နာမည်ကျော်စတားဆင်ကြီးဖြစ်ပါတယ်။