တိုက်ရိုက်ထုတ်လွှင့်စဉ် သရဲဝင်ပူးခံရသည့် ထိုင်းမော်ဒယ်ရုပ်သံ ရေပန်းစား (ရုပ်သံ)

ရုပ်မြင်သံကြားအစီအစဉ်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွေမှာ လက်ရှိဖြစ်ပျက်နေတဲ့ ထူးဆန်းတဲ့ အကြောင်းအရာတွေကို ယူဆောင်လာနိုင်တယ်ဆိုတာ ဒီရုပ်သံဗွီဒီယိုဖိုင်က သက်သေခံနေတာပါပဲ။
ဒါဟာ ထိုင်းနိုင်ငံမှာ ထိုင်းချန်နယ်-၈မှ တိုက်ရိုက်ထုတ်လွှင့်ချိန်မှာ မော်ဒယ်မိန်း ကလေးဟာ ရုတ်တရက်ပဲ သရဲဝင်ပူးသွားခဲ့တာပါ။
အပြန်အလှန်မေးခွန်းတွေနဲ့ အင်တာဗျူးလုပ်ခဲ့ချိန်မှာတော့ သူဟာ ထူးဆန်းတဲ့ အသံတမျိုးနဲ့ ထိတ်လန့်ကြောက်ရွံ့စရာကောင်းတဲ့ အမူအရာနဲ့ ဖြေနေခဲ့တာကို တွေ့ရပါတယ်။
သီပ၀မ်ပွီး ချာပူပအန်အမည်ရတဲ့ အဆိုပါ ထိုင်းမော်ဒယ်ရဲ့ ဒီတွေ့ဆုံမေးမြန်းခန်း အစီအစဉ်ဟာ ထိုင်းအင်တာနက်စာမျက်နှာတွေပေါ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ရုတ်ချည်းပျံ့နှံ့သွားခဲ့တာပါ။
တွေ့ဆုံမေးမြန်းတဲ့ အစီအစဉ်တလျှောက်လုံးမှာ သူဟာ ပရိသတ်တွေကို ထိုင်း ရိုးရာပုံပြင်တွေထဲက “ပေါ့ပ်” အမည်ရတဲ့ လူသားစားသရဲဝင်ပူးတဲ့ ပုံစံနဲ့အတူ ဆွဲဆောင် နိုင်ခဲ့တယ်လို့ ဘန်ကောက်ကိုကိုးနပ်စ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
အပြန်အလှန်စကားပြောဆိုမှုတွေထဲမှာ သရဲဝင်ပူးနေတဲ့ မော်ဒယ်ဟာ သူ့ကို အနှောင့်အယှက်မပေးဖို့နဲ့ ဒီမိန်းကလေးကို စားသောက်ချင်တယ်လို့ ပြောခဲ့တာပါ။
ကိုကိုးနပ်စ်သတင်းရဲ့အဆိုအရတော့ မော်ဒယ်မိန်းကလေးဟာ ပြီးခဲ့တဲ့နှစ်က အားလပ်ရက်ခရီးတခုထွက်ခဲ့ချိန်မှာ ခုလိုသရဲဝင်ပူးခဲ့တာဖြစ်တယ်လို့ ဖော်ပြပါတယ်။
ဒီရုပ်သံဗွီဒီယိုဖိုင်ကို အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ကျယ် ကျယ်ပြန့်ပြန့်မျှဝေခဲ့ကြပြီး အများစုကတော့ ဒါဟာ သရုပ်ဆောင်တာဖြစ်နိုင်တယ်လို့ ပြောနေကြတာပါ။
မှတ်ချက်ပေးသူတဦးကတော့ “ကျနော်သာ အစီအစဉ်တင်ဆက်သူဖြစ်ရင် တိရစ္ဆာန်သွေးကို သူ့ရှေ့ကို ယူလာပေးလိုက်မှာ။ သူတကယ် စားမစားကြည့်လိုက်ချင်တယ်”လို့ ဝေဖန်ခဲ့တာပါ။