ဗိုလ်လုပွဲတွင် ပေါ်တူဂီဗဟိုခံစစ်မှူး ပီပီ ပါဝင်လာဖွယ်ရှိ

ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲမကစားမီ ပေါ်တူဂီအသင်းရဲ့ ဗဟိုခံစစ်မှူး ပီပီဟာ ဇူလိုင် ၉ ရက်နေ့က အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေပါတယ်။
ဒါကြောင့် ပီပီဟာ ဒဏ်ရာတွေကနေ သက်သာပြီး ဇူလိုင် ၁၀ ရက်နေ့ အိမ်ရှင် ပြင်သစ် အသင်းနဲ့ ဗိုလ်လုပွဲမှာ ပါဝင်လာဖွယ် ရှိပါတယ်။
ဘရာဇီးမှာ မွေးတဲ့ အသက် ၃၃ နှစ်အရွယ် ပေါ်တူဂီ ကစားသမားဟာ ဒဏ်ရာကြောင့် ဝေးလ်အသင်းကို နိုင်တဲ့ဆီမီးဖိုင်နယ်ပွဲမှာ ၀င်မစားခဲ့ပါဘူး။ ဇူလိုင် ၉ ရက်နေ့ လေ့ကျင့်ခန်းမှာတော့ မီဒီယာတွေ ရှေ့ကို ပြန်ထွက်လာခဲ့ပါတယ်။
ပေါ်တူဂီအသင်းဟာ ဥရောပချန်ပီယံ ဗိုလ်လုပွဲအဆင့်ထိ ၂၀၀၄ ခုနှစ်မှာ နောက်ဆုံး တက်ခဲ့ပြီး ဂရိကို ၁ ဂိုး၊ ဂိုးမရှိနဲ့ ရှုံးခဲ့ပါတယ်။
ဒီနှစ် ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲ ပွဲစဉ်တွေမှာ ပေါ်တူဂီဟာ ထူးထူးခြားခြား ခြေစွမ်းမပြဘဲနဲ့ ဗိုလ်လုပွဲအထိ တက်လာတာပါ။ ကစားခဲ့သမျှ ပွဲတွေမှာ မိနစ် ၉၀ အတွင်း ပြတ်ပြတ်သားသား အနိုငိယူတာဆိုလို တပွဲပဲ ရှိခဲ့ပါတယ်။
ပေါ်တူဂီနဲ့ ပြင်သစ်အသင်းတို့ ဆုံခဲ့တဲ့ သမိုင်းကို ပြန်ကြည့်ရင် ၁၉၇၅ နောက်ပိုင်း ၁၀ ကြိမ် တွေ့ဆုံခဲ့ရာမှာ ပြင်သစ်ဘက်က အပေါ်စီး သဘောမျိုး ရှိပါတယ်။
ပြင်သစ် အသင်းဟာ အိမ်ရှင်လည်း ဖြစ်သလို၊ နောက်ဆုံးကစားခဲ့တဲ့ နှစ်ပွဲမှာလည်း ၇ ဂိုး အထိ သွင်းထားတဲ့ အသင်း ဖြစ်ပါတယ်။