နိုင်ဂျီးရီးယားလက်ရွေးစင်ကို လက်စတာက စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူ

1.1K
ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာစီးတီးအသင်းက နိုင်ဂျီးရီးယားလက်ရွေးစင် ကစားသမား အာမက် မူဆာကို အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၆ သန်းပေးပြီး ခေါ်ယူလိုက်ပါတယ်။
အသက် ၂၃ နှစ်အရွယ် မူဆာကို ရုရှားကလပ် စီအက်စ်ကေအေ မော်စကိုအသင်းကနေ ၄ နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။
သူဟာ ပရီးမီးယားလိဂ် ချန်ပီယံ လက်စတာအသင်းကနေ ၄ ဦးမြောက် ခေါ်ယူခံရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
တိုက်စစ်မှူး မူဆာကို ဆောက်သမ်တန်၊ အဲဗာတန်နဲ့ ၀က်စ်ဟမ်းအသင်းတို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။
သူဟာ စီအက်စ်ကေအေ မော်စကိုအသင်းကို ပြီးခဲ့တဲ့ရာသီမှာ ရုရှားအမှတ်ပေးလိဂ် ချန်ပီယံ ဖြစ်အောင် ကူညီထားပါတယ်။
နိုင်ဂျီးရီးယား တိုက်စစ်မှူးဟာ ရုရှားကလပ်ကို ၂၀၁၂ မှာ ရောက်ရှိပြီး အသင်းအတွက် ၁၆၈ ပွဲမှာ ၅၄ ဂိုး သွင်းယူထားပါတယ်။