အီးယူမှ ဗြိတိန်ခွဲထွက်မှု ကတ္တီပါ လမ်းခွဲမှုမျိုးဖြစ်ရန် မျှော်လင့်ဟု အိုဘားမားပြော

848
ဥရောပသမဂ္ဂ (အီးယူ) ကနေ ဗြိတိန်ခွဲထွက်တဲ့အခါ အဆင်ပြေချောမွေ့တဲ့ ကတ္တီပါ လမ်းခွဲမှုမျိုးပဲ ဖြစ်ဖို့ မျှော်လင့်တယ်လို့ အမေရိကန် သမ္မတ ဘာရတ် အိုဘားမားက ပြောပါတယ်။
ညှိနှိုင်းမှုတွေမှာ အဆင်မပြေဖြစ်မယ်ဆိုရင် အီးယူအတွက်ရော၊ ဗြိတိန်အတွက်ပါ အကျိုးရှိမှာ မဟုတ်ဘူးလို့ နေတိုးအစည်းအဝေးကျင်းပနေချိန် အီးယူကော်မရှင် ဥက္ကဋ္ဌ နဲ့ ပူးတွဲ သတင်းစာရှင်းလင်းမှာ သမ္မတ အိုဘားမားက ပြောပါတယ်။
ဇူလိုင် ၈ ရက်နေ့က လန်ဒန်အခြေစိုက် Financial Times ဖိုင်နက်ရှယ် တိုင်းမ် သတင်းစာမှာ ဖော်ပြချက်အရ သမ္မတ အိုဘားမားဟာ လာမယ့် ဇန်န၀ါရီလ တာဝန်သက်တမ်း မကုန်ဆုံးခင် နေတိုးအစည်းအဝေးကို နောက်ဆုံးတက်ရောက်တာဖြစ်ပါတယ်။
အစည်းအဝေးမှာ သမ္မတ အိုဘားမားက ခရိုင်းမီးယားအရေးမှာ ရုရှားရဲ့  ကျူးကျော်မှုနဲ့ ပတ်သက်လို့ ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့ နေတိုး အဖွဲ့ဝင်တွေကို တိုက်တွန်းခဲ့ပါတယ်။
အီးယူကနေ ဗြိတိန်ထွက်ခွာသွားမယ့် ကိစ္စဟာ နေတိုးစစ်မဟာမိတ်အဖွဲ့ကြီးကို အားလျှော့ဖို့ မဖြစ်သင့်ဘူးလို့လည်း သတိပေးလိုက်ပါတယ်။