Home
မြန်မာသတင်း
မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကူညီရန် မြန်မာက တရုတ်ကို ပန်ကြား
ရွှေအောင်
·
July 8, 2016
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တရုတ်အစိုးရက ကူညီပေးဖို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က တရုတ်အစိုးရကို တိုက်တွန်းပန်ကြားခဲ့ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. GENG Huichang နဲ့ နေပြည်တော်မှာ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့တာလို့  နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုးက ပြောပါတယ်။ တရုတ်နိုင်ငံက ဆက်ကူညီမယ်လို့ တရုတ်လုံခြုံရေးဝန်ကြီးက အတည်ပြုဖြေကြားသွားတယ်လို့ သူက ပြောပါတယ်။ ဒေါ်အေးအေးစိုးက “အမတို့ ၀န်ကြီးက လုံခြုံရေးဆိုတာ တပ်မတော်ဘက်က လုပ်တယ်ဆိုတာ ဒါ တပိုင်း၊အဓိကက ပြည်သူ့ဘ၀ အေးချမ်းတယ်၊တည်ငြိမ်တယ် ဆိုလို့ရှိရင် လုံခြုံရေး ရှိတာပေါ့လေ၊အခုလိုကြောင့်လည်း အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို လုံခြုံမှု ကိုယ့်အချင်းချင်းကြားမှာရအောင် ကြိုးစားနေတယ်။ လုပ်နေတယ်။ အဲ့ဒီဟာကို တရုတ် နိုင်ငံကလည်း အိမ်နီးချင်းကောင်း ပီသစွာဝိုင်းဝန်းပြီး ပူးပေါင်းဆောင်ရွက်ပေးပါလို့ အမတို့ ဘက်က ပြောတော့ သူ့ဘက်ကလည်း ဟုတ်ပါတယ်။ သူတို့ဘက်ကလည်း အတတ်နိုင်ဆုံး အကုန်လုံးကို ကူညီမှာပါ၊အားလည်း အားပေးပါတယ်။ ကူလည်း ကူညီပါမယ်ဆိုပြီးတော့ ထပ်လောင်းအတည်ပြုသွားတယ်” လို့ ပြောပါတယ်။ မြန်မာနိုင်ငံရေး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လွန်ခဲ့တဲ့ နှစ်ပိုင်းက အပစ်ရပ်ဆွေးနွေးပွဲတချို့ကို တရုတ်နိုင်ငံ နယ်စပ်မြို့တွေမှာ ကျင်းပခဲ့ဖူးပြီး ဆွေးနွေးပွဲတွေကိုလည်း တရုတ်ကိုယ်စားလှယ် တွေ တက်ရောက်လေ့ရှိပါတယ်။ သမ္မတဦးသိန်းစိန်အစိုးရလက်ထက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့နဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲမှာလည်း တရုတ်နိုင်ငံက အသိသက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့ပါတယ်။ လက်ရှိ တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့နေရာဒေသတွေဟာ တရုတ်-မြန်မာနယ်စပ် အခြမ်းဘက်ကျရောက်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်အတွင်းမှာ တည်ရှိနေပါ တယ်။ ဒါ့အပြင် ဒီကနေ့တွေ့ဆုံပွဲမှာ တရုတ်လုံခြုံရေးဝန်ကြီးက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရုတ်နိုင်ငံကို အမြန်ဆုံးလာရောက်လည်ပတ်ဖို့လည်း ဖိတ်ကြားခဲ့တယ်လို့  ပြောပါတယ်။ တရုတ်နိုင်ငံအနေနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးမြန်မာပြည်လာရောက်တဲ့ ခရီးစဉ်တုန်းကလည်း ဖိတ်ကြားခဲ့ဖူးပြီး အခု ထပ်မံဖိတ်ကြားခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ အဓိကအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမတိုင်ကာလမှာ တကြိမ် တရားဝင်ဖိတ်ကြားခဲ့ဖူးပါတယ်။  ဒီတကြိမ် ဖိတ်ကြားချက်ဟာ အစိုးရထိပ်ပိုင်းခေါင်းဆောင်တဦးအနေနဲ့ တရားဝင်လာရောက် လည်ပတ်ဖို့ ဖိတ်ကြားချက်လည်း ဖြစ်ပါတယ်။ မြန်မာအစိုးရအနေနဲ့ အရင်အစိုးရလက်ထက်တုန်းက ဆိုင်းငံ့ထားတဲ့ မြစ်ဆုံရေကာတာနဲ့ ပတ်သက်လို့ ဆိုင်းငံ့ကာလကို ကျော်လွန်ပြီမို့ အဖြေတစုံတရာ ပေးရမယ့်အချိန်ဖြစ်ပါတယ်။ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒီကနေ့သတင်းထုတ်ပြန်ချက်မှာ ခေါင်းဆောင် ၂ ဦးဟာ ဘက်စုံမဟာဗျူဟာမြောက် ဆက်ဆံရေး တိုးမြှင့်ရေးကိစ္စနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြပါတယ်။ တရုတ်မြန်မာနယ်စပ်ရှိ ၀နဲ့ မိုင်းလား စတဲ့ တပ်ဖွဲ့တို့နဲ့ ပတ်သက်လို့ အသေးစိတ်ဆွေးနွေးပြော ဆိုတာ မရှိဘူးလို့လည်း ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024