Formalin - ဖော်မလင်
DVB
·
July 8, 2016
မင်္ဂလာပါဆရာ၊ ကျနော်က ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ်က့ ပါ၊ ခုတလော နာမည်ကြီးနေသည့် မုန့်ဟင်းခါး၊ ပဲပြားတို့တွင် Formarlin ဆိုသော ဓာတုများ အသုံးပြုကြသည်ဟု ဆိုကြပါသည်။ ထို ဓာတုက လူသေကို ကြာရှည် မပုပ်အောင်လည်း အသုံးပြုကြသည်ဟု ကြားဖူးပါသည်။ ထို့ကြောင့် ဆရာ့အနေဖြင့် ထို formarlin ဆိုသည့် ဓာတုဗေဒ နှင့်ပတ်သက်၍ မည်သို့သော ဆိုးကျိုးများဖြစ်နိုင်သည်ကို ဗဟုသုတရစေရန်အလို့ငှါ မျဝေပေးစေလိုပါသည်။ ကျေးဇူးတင်လျက်။
ဖော်မလင် ဆိုတာ Formaldehyde (CH2O) (ဖော်မယ်လ်ဒီဟိုဒ်) ကိုရောထားတဲ့ ဆေးရည် ဖြစ်တယ်။ လူသေအလောင်းတွေ။ အင်္ဂါအစိတ်အပိုင်းနမူနာတွေကို မပုပ်အောင် ဆေးစိမ်တာမှာ သုံးတယ်။ ပိုးသေဆေးအနေနဲ့လဲ အပျော့စားကို သုံးနိုင်တယ်။ ပဲပြား၊ နွားနို့နဲ့ ချက်နို့ဆီတွေမှာ ဖော်မလင် ထည့်ကြတယ်။
စားစရာတွေမှာသုံးတဲ့ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးစတာတွေကိုတော့ လူသိများပါတယ်။ စားသောက်ကုန်တွေကို ရောင်းပန်းလှအောင် (ဖလေဗာ) ကိုလည်းထည့်ကြတယ်။ အရသာအတွက် အချိုမှုန့် အလွန်အကျွံထည့်တယ်၊ အချိုကဲစေဘို့ ဆေးသကြားကို သုံးတယ်၊ အကြော်တွေကို ကြွပ်ရွနေစေဖို့ ပလတ်စတစ်ရေသန့်ဘူးခွံ၊ (ပီဗွီစီ) ပလတ်စတစ်တွေ ထည့်ကြော်ကြတယ်။
အရောင်၊ အနံ့၊ အရသာ ပိုကောင်းအောင်၊ ဓာတုပစ္စည်းတွေကို ထည့်သုံးလာကြတယ်။ ဝက်အူချောင်း၊ ကြက်အူချောင်းတို့ကို ယမ်းစိမ်းနဲ့ နီအောင်လုပ်တယ်။ လက်ဖက်ကို ချည်ထည်ဆိုးဆေး အိုရာမင်အိုနဲ့ စိမ်းဝါဝါအရောင် ဖြစ်စေတယ်။ ပုစွန်ကို ဆပ်ပြာရည်ဖျော်ပြီး စိမ်တယ်။ မဲနယ်ဆိုးတယ်။ လိမ္မော်သီးအခွံပေါ်မှာ အညိုကွက်ဖြစ်နေရင် Citrus Red No.2 ကို ဖျန်းပေးပြီး ရောင်းတယ်။ ငှက်ပျောသီး၊ သရက်သီး၊ ထောပတ်သီးစတဲ့ သစ်သီးတွေကို မှည့်နေသလို ဖြစ်အောင် အက်သလင်းဓာတ်ငွေ့ ဖျန်းတယ်။ မျှစ်၊ နနွင်းမှုန့်၊ အရောင်တင်မှုန့်နဲ့ ငရုတ်သီးမှုန့်တွေနဲ့ အထားခံသစ်သီးတွေ၊ ငါးနဲ့ ပုစွန်အသားပြားလွှာတွေမှာ Rhodamine B ခေါ် ချည်ထည်ဆိုးဆေး၊ လက်ဖက်ခြောက်၊ ခရမ်းချဉ်သီးဆော့စ်မှာ Orange II ထည့်တယ်။ ကင်ဆာဖြစ်တဲ့အထိ အန္တရာယ်ပေးနိုင်တယ်။
အရက်ချက်တဲ့အခါ ဖားပြုတ်၊ ဖိနပ်တာယာ ထည့်တယ်။ အချဉ်ဖောက်မြန်စေရန်ဖို့ ပိုးမွှားတွေကနေ (စိုင်းယနိုက်) အဖြစ်ပြောင်းပေးနိုင်တဲ့ ဓာတ်မြေသြဇာ၊ သေစေနိုင်တဲ့ (အင်ဒရင်း) ပိုးသတ်ဆေး၊ ဆေးရွက်ကြီး ထည့်ချက်ကြတယ်။ ငါးပိလုပ်ရာမှာ ငါးအရိုးဆွေးမြန်စေဖို့ ဓာတ်မြေသြဇာထည့်တယ်။
(ဖော်မယ်လ်ဒီဟိုဒ်)က သက်ရှိတိုင်းအတွက်အဆိပ် ဖြစ်ပါတယ်။ (ဖော်မယ်လ်ဒီဟိုဒ်) ၃၇ ရာခိုင်နှုန်းကို ၃၀ အမ်အယ်လ် ၁ အောင်စ မျိုချမိရင် သေစေနိုင်တယ်။ အစာလမ်းကို လောင်စေနိုင်တယ်။ အလာဂျီ ရနိုင်တယ်။ ကင်ဆာဖြစ်စေနိုင်တဲ့သီအိုရီက ၁၉၇၈ ကတည်းက ရှိခဲ့တာပါ။ အသက်ရှုလမ်းအပေါ်ပိုင်းကင်ဆာ ဖြစ်စေနိုင်တယ်။ လုပ်ငန်းခွင်တွေမှာ သုံးလို့ လေထု အဆိပ်သင့်တယ်။ ၀ ဒသမ ၁ ပီပီအမ်ထက်များရင် မျက်စိနဲ့ အရေပြားအပါးစားတွေကို နေမထိ ဖြစ်စေတယ်၊ ခေါင်းကိုက်မယ်။ လည်ချောင်းနာမယ်။ အသက်ရှု ခက်မယ်။ အနံ့ကနေ ကလေးတွေမှာ ပန်းနာ ဖြစ်စေတယ်။
၁၅-၆-၂ဝ၁၃ နေ့က ဘင်္ဂလားဒေ့ရှ်သတင်းစာတစောင်မှာ သစ်သီးထဲပါ ဖော်မလင်က လူတွေကို သေစေနိုင်တယ်လို့ သတင်းဆောင်းပါးတပုဒ်ပါတယ်။ အသက်ရှုလမ်း၊ အစာလမ်း၊ နှလုံးနဲ့ အာရုံကြောတွေကို ထိခိုက်စေတယ်။ ကင်ဆာအထိ ဖြစ်နိုင်တယ်လို့ ရေးထားတယ်။ (ဖော်မလင်) က ၀ ဒသမ ၀၅ ပီပီအမ် ရှိတာနဲ့ အနံ့ ရတယ်။ ၀ ဒသမ ၃ ပီပီအမ်ထက် ကျော်ရင် မျက်စိ၊ နှာခေါင်းနဲ့ လည်ချောင်းကို သက်ရောက်တယ်။ ခဏခဏတွေ့ပြီး ၅ - ၃၀ ပီပီအမ် ကျော်ရင် ပန်းနာ ဖြစ်နိုင်တယ်။ အရေပြား အလာဂျီဖြစ်မယ်။ သွေးအားနည်းတာဖြစ်နိုင်တယ်။ ကိုယ်ဝန်ပျက်တာလည်း ဖြစ်နိုင်တယ်။ (ဖော်မလင်) ပါနေတဲ့ အသီးတွေက သဘာဝအတိုင်း မှည့်လာသလို ထင်ရတယ်။ အသီးကလည်း မာတင်းတင်းရှိတယ်။ အရောင်တော့ နည်းနည်းမွဲတယ်။ အင်းဆက်ကောင်တွေ အနားမကပ်ချင်ဘူး။ အသီးတွေ၊ နွားနို့နဲ့ တချို့အစားအသောက်တွေ အထားခံအောင်သုံးတယ်။ ၉-၆-၂ဝ၁၄ နေ့သတင်းအရ အသီး ၈၂ မျိုးထဲမှာ ၄ဝ ရာခိုင်နှုန်း ပိုးသတ်ဆေး တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ အသီး + နွားနို့နဲ့ ငါးတွေမှာ တွေ့တာပါ။ ရှိသင့်တာထက် အဆ ၂ဝ ပိုနေတယ်။ ၁၄-၈-၂ဝ၁၄ နေ့ကလည်း ဒါကာ ထရီဗျူးသတင်းစာမှာ ဈေးချိုတဲ့ ဖော်မလင်စမ်းနည်းလို့ပါတယ်။ ဆေးရည် ၂ မျိုးသုံးရတယ်။ ဒါပေမယ့် တချို့ပညာရှင်တွေက တိကျမှုအတွက် သံသယရှိတယ်။
(ဖော်မယ်လ်ဒီဟိုဒ်) ကို သစ်သား၊ စက္ကူ၊ အထည်အလိပ်စက်ရုံတွေမှာ သုံးတယ်။ စက်တွေက ထွက်တဲ့ (အိတ်ဇော) ငွေ့ထဲမှာလည်းပါနေတယ်။ နည်းနည်းလေးသာဝင်ယုံနဲ့တော့ ဒုက္ခမပေးပါ။ (ဖော်မယ်လ်ဒီဟိုဒ်) ကို အစားအသောက် လုပ်ငန်းတွေမှာ သုံးလာကြတယ်။ ဟင်းသီးဟင်းရွက်၊ အသားငါး၊ ပင်လယ်စာ၊ မှိုခြောက်။ အဲတာကိုသုံးထားတဲ့ အစားအစာထဲမှာ တွေ့တာကို (TMAO) ဓာတ်လို့ခေါ်တယ်။ သူ့အလိုလိုလည်း ရှိနေတယ်။
ပန်းသီး = 6.3-22.3
ငှက်ပျောသီး = 16.3
ဂေါ်ဖီထုပ် = 26.9
သစ်တော်သီး = 38.7-60
မှိုခြောက် = 100-406 / 6-54.4
အမဲသား၊ ဝက်သား၊ ဆိတ်သား = 2.5-20
ပင်လယ်စာ = 4.6-34, 6.8, 1-98
အဲတာတွေကို ပုံမှန်သာ စားလို့ရောဂါ မရစေပါ။ ဒီဓာတ်က ရေမှာ ပျော်ဝင်လို့ မစားခင် ပိုက်ကနေကျနေတဲ့ရေနဲ့ ကောင်းကောင်းဆေးသင့်တယ်။ ချက်ပြုတ်ရာမှာ အပူချိန် 75°C ထက်ကျော်သင့်တယ်။
ကျနော်ရေးတာတွေက မီဒီယာကြိုက်မယ့်၊ လူတွေစိတ်ဝင်စားတဲ့ တစ္ဆေဇာတ်လမ်းမပါ။ အစစ်တွေ ချည်းသာ။ ဖြဲမခြောက်ပါ။
ဒေါက်တာတင့်ဆွေ
၇-၇-၂ဝ၁၆