ကျေးရွာဘောလုံးပြိုင်ပွဲအတွင်း ခိုက်ရန်ဖြစ်ပွားခဲ့မှုကြောင့် ကစားသမား ၁ ဦး သေဆုံး

1.7K
တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ရပ်ကျေးရွာအုပ်စု အသက် ၂၀ နှစ်အောက် ဘောလုံးပြိုင်ပွဲမှာ ကျေးရွာအသင်းအချင်းချင်း ယှဉ်ပြိုင်ကစားစဉ် ခိုက်ရန်ဖြစ်ပွားပြီး ထိုးကြိတ်ကန်ကျောက်ခံရတဲ့ ၁၆ နှစ်အရွယ် ဘောလုံးကစားသမားတဦး မနေ့က နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့ ပဲခူးလမ်းရပ်ကွက်ရှိ မြို့နယ်အားကစားကွင်းမှာ ခရိုင်အား/ကာဦးစီဌာန နှင့် မြို့နယ်အား/ကာဦးစီးဌာနတို့က ပူးပေါင်းပြီး အသက် ၂၀ နှစ်အောက် အားကစားဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်အရ ဇူလိုင် ၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဘောလုံးပွဲမှာ မဲကုန်းကျေးရွာ အသင်းနဲ့ ဝဲဒေါင့်ကျေးရွာအသင်းတို့ ယှဉ်ပြိုင်ကစားစဉ် ၀ဲဒေါင့်ကျေးရွာ အုပ်စုမှ အသက် ၁၆ နှစ်အရွယ် ကိုညီညီလင်းအောင်မှာ မဲကုန်းကျေးရွာအသင်းသားများရဲ့ ၀ိုင်းဝန်းထိုးကြိတ်ကန်ကြောက်မှုကြောင့် ဇူလိုင် ၆ ရက်နေ့ မနက် ၄ နာရီ ၅၀ မိနစ်အချိန်မှာ နေပြည်တော်ခုတင် ၁၀၀၀ ဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့တယ်လို့ဝဲ ဒေါင့်ကျေးရွာ ဘောလုံးအသင်း တာဝန်ရှိသူ ဦးဌေးလွင်က ပြောပါတယ်။
ပထမပိုင်း မိနစ် ၃၀ လောက်မှာ ဝဲဒေါင့်အသင်းက ကျောနံပါတ် ၁၂ ကစားပုံကြမ်းတမ်းတဲ့အတွက် မဲကုန်း အသင်းက ကျောနံပါတ် ၁၀ နဲ့ ကျောနမ်ပတ် ၂ တို့က လက်သီးနဲ့ ထိုးပြီး မဲကုန်းအသင်းအုပ်ချုပ်သူနဲ့ ကွင်းအနီး မြက်ဖြတ်စက်နဲ့ မြက်ဖြတ်နေသူတို့ကပါ ကွင်းအတွင်းဝင်ရောက်ထိုးတာကြောင့် ခရိုင်အား/ကာဦးစီမှူး ဦးသူရိန်ထွန်းနဲ့ တာဝန်ရှိသူတွေက ဝိုင်းဝန်းဖြေရှင်းပေးခဲ့ ပြီးနောက် ဆက်လက် ကစားစေခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ထပ်မံခိုက်ရန်ဖြစ်ပွားခဲ့ပြီး မဲကုန်းအသင်းသားများမှ ၀ိုင်းဝန်းထိုးကြိတ် ကန်ကြောက်ခဲ့တာကြောင့် ကိုညီညီလင်းအောင်တွင် ဦးခေါင်းအတွင်းသွေးယိုစိမ့်ဒဏ်ရာနဲ့ ဆီးအိမ်ကွဲဒဏ်ရာများရရှိကာ သေဆုံးခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
အုတ်တွင်းမြို့မရဲစခန်းသို့ သွားရောက်ဆက်သွယ်မေးမြန်းရာစခန်းမှူး ဒုရဲမှူးဇော်လွင်မှ မဲကုန်းကျေးရွာအုပ်ချုပ်ရေးမှူး၊ အသင်းအုပ်ချုပ်သူနှင့် ဘောလုံးအသင်းသား (၁၁) ဦး၊ စုစုပေါင်း ၁၃ ဦးကို အုတ်တွင်းမြို့မရဲစခန်းတွင် (ပ)၁၃၅/၂၀၁၆ ပြစ်မှုပုဒ်မ-၃၀၂/၁၁၄ တို့ဖြင့် အမှုဖွင့်လှစ်ထားရှိပြီး ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
အမှုဖွင့်လှစ်ခံရတဲ့ မဲကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစီလေးကတော့ အခင်းဖြစ်ချိန်မှာ သူဟာ မြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့အတူ ထိုင်နေတာဖြစ်ပြီး ကွင်းအတွင်းသို့ မ၀င်ရဘူးဆိုတဲ့ အတွက် ၀င်ရောက်ထိန်းသိမ်းပေးနိုင်ခြင်း မရှိခဲ့တာဖြစ်ကြောင်း ပြောပါတယ်။
သတင်း - သားကြီး(တောင်ငူ)၊ ကျော်အောင် (ကညွတ်ကွင်း)