လမ်းမပေါ်မှ အကျည်းတန်သည့် ထိုင်းဂိုဏ်းစတား ကျောင်းသားများရန်ပွဲ ဝေဖန်မှုမြင့်တက် (ရုပ်သံ)

3.3K
ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေတဲ့ ဂိုဏ်းစတားကျောင်းသားတွေရဲ့ အကြမ်းဖက် ရန်ပွဲတွေဟာ ထိုင်းလူမှုအသိုင်းအ၀ိုင်းကြားမှာ အကြီးအကျယ် ဝေဖန်စရာတခု ဖြစ်လာနေပါတယ်။
ခုလို ခြိမ်းခြောက်ရန်ပွဲတွေဟာ ဥပဒေဆိုင်ရာပုဒ်မ အပိုဒ်ခွဲ ၄၄ မှာ အရေးယူခံရမယ်လို့ ပါဝင်ပေမယ့် မထီမဲ့မြင်ပြု ရမ်းကားတဲ့ ရန်ပွဲတွေဟာ ဆက်လက်ဖြစ်နေဆဲပါပဲ။
ဓားတွေ၊ တခါတရံဆိုရင် သေနတ်တွေတောင်ပါဝင်တဲ့ ရန်ပွဲတွေဟာ သာမန်ဖြစ်ရိုးဖြစ်စဉ် မထူးဆန်းတော့တဲ့ အရာတခုလို ဖြစ်လာတယ်လို့ ထိုင်းအခြေစိုက် ဒေးလီးနယူးစ် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ခုနောက်ဆုံးဖြစ်ပွားခဲ့တဲ့ ရန်ပွဲဆိုရင် ဒင်းဒန်ခရိုင်တွင်းမှာ ဓားတွေတရမ်းရမ်းနဲ့ နေ့ခင်းကြောင်တောင် ဖြစ်ပွားခဲ့ပြီး လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ဝေဖန်မှုတွေ မြင့်တက်လာနေတာပါ။
ရန်ပွဲထဲမှာ ကျောင်းသားဦးရေ တဒါဇင်ထက်မနည်း ပါဝင်ပြီး သူတို့ဟာ ကောလိပ်တခုတည်းမှ ဂိုဏ်းစတားလူငယ်တွေ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဇွန်လ ၂၈ ရက်နေ့က ဖြစ်ခဲ့တဲ့ ရန်ပွဲမှာ ပါဝင်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူတဦးရဲ့ မိခင်က သူ့သားဟာ အဲဒီနေ့ညနေ ၃ နာရီခွဲလောက်မှာ အဝေးပြေးလမ်းမ တနေရာမှာ ဆိုင်ကယ်တစီးနဲ့ သူငယ်ချင်းတွေကို စောင့်နေခဲ့ချိန် တိုက်ခိုက်ခံခဲ့ရတယ်လို့ ပြောပါတယ်။
သူဟာ တိုက်ခိုက်ခံခဲ့ရတဲ့ ဒဏ်ရာတွေကြောင့် ဆေးရုံမှာ ဆက်လက်ဆေးကုသမှု ခံယူခဲ့ရတယ်လို့ ပြောပါတယ်။
ဂျာအိုပေါအမည်နဲ့ အင်တာနက်စာမျက်နှာပေါ်တင်ခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အဲဒီကျောင်းသားဟာ လမ်းမှာ စောင့်ဆိုင်းနေချိန် တခြားသူတွေ ရောက်လာခဲ့ပြီး တိုက်ခိုက်မှုရန်ပွဲတပွဲအသွင် ဖြစ်ခဲ့တာကို တွေ့ရပါတယ်။
အသက် ၁၆ နှစ်အရွယ် ကျောင်းသားဟာ မျက်နှာမှာ ချုပ်ရိုးပေါင်း ၁၀၀ နဲ့ လက်မောင်းမှာ ချုပ်ရိုး ၃၀ လောက် ချုပ်ခဲ့ရကာ နှာခေါင်းကိုလည်း ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့တာပါ။
နောက်တဦးကတော့ လက်တဘက်လုံး ဆုံးရှုံးလုနီးပါးဖြစ်ခဲ့ကာ ခုချိန်မှာတော့ ၂ ယောက်လုံးကို ဆက်လက် ဆေးကုသမှုတွေ လုပ်ဆောင်ပေးနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ကောလိပ်ကျောင်း တာဝန်ရှိသူတွေကတော့ ဆေးရုံကို လာရောက်ခဲ့ပြီး လိုအပ်တဲ့ ငွေကြေးထောက်ပံ့မှုတွေ ပေးခဲ့ပေမယ့် မိခင်ဖြစ်သူကတော့ ရဲတွေဟာ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းရှာဖွေရမယ့် လုပ်ငန်းတွေကို ဆက်လုပ်တာမျိုး မရှိဘူးလို့ ပြောလိုက်ပါတယ်။