ထိုင်းနိုင်ငံတွင် မြွေအရေခွံ ၅ သိန်းကျော် ဖမ်းဆီးရမိ
DVB
·
July 7, 2016
ထိုင်းနိုင်ငံ ဆမွတ်ပရကန်ခရိုင် ဖရဆမွတ်ကျေးဒီးမြို့နယ်ထဲမှာ မြွေအရေခွံ ၅ သိန်းကျော် ဖမ်းဆီး ရမိတယ်လို့ ချနယ်လ် ၃ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။
ဖရဆမွတ်ကျေးဒီးမြို့နယ် တလိုင်းမိတ်ဘုန်းကြီးကျောင်းဝင်း မီးသဂြိုဟ်စက်မှာ မြွေရေခွံတွေ အစုလိုက်အပြုံလိုက် မီးရှို့ဖျက်ဆီးနေကြောင်း သတင်းပေးချက်အရ သက်ဆိုင်ရာတာဝန်ရှိ သူတွေက ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့မှာ သွားရောက်စစ်ဆေးပြီး အခုလို မြွေရေခွံ အမြောက်အမြား ဖမ်းမိခဲ့တာဖြစ်ပါတယ်။
ကျောင်းဝင်းထဲရှိ သုဘရာဇာတဦးပြောပြချက်အရ သူ့အနေနဲ့ မြွေအရေခွံတွေ ဘယ်ကလာလဲ ဆိုတာ မသိကြောင်း၊ ကျောင်းထိုင်ဆရာတော်အမိန့်နဲ့ မြွေအရေခွံတွေကို မီးရှို့ပေးခဲ့ရတာဖြစ်ပြီး အကောင် ၂၀၀ ကျော်ရှို့ပြီးသွားပြီလို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက မြွေရေခွံသယ်လာတဲ့နေရာကို ဆက်လက်စုံစမ်းရာမှာ လဲမ်ဖာ့ဖာရပ်ကွက်ရှိ တိုက်ခန်းတစ်ခုထဲမှာ မြွေရေခွံတွေထည့်ထားတဲ့ ဆာလာအိတ်အလုံးပေါင်း ၄၀ ထပ်မံတွေ့ရှိပြီး အတွင်းမှာ အမျိုးအစားစုံလင်တဲ့ မြွေအကောင်တစ်ရာလျှင် တစ်စီးတွဲချည်ထားကြောင်း၊ အားလုံးပေါင်း မြွေကောင်ရေ အနည်းဆုံး ၅ သိန်းရှိမယ်လို့ ထိုင်းအမျိုသားဥယာဉ်သ ဘာဝ ၀န်း ကျင်နဲ့ တောတွင်းတိရိစ္ဆာန်များကာကွယ်ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ နိုင်းထိလဒစ် ပါရဆွတ်က သတင်းထောက်တွေကို ပြောပါတယ်။
တီဗွီသတင်းမှာတော့ နိုင်းဆုထမ်းခွတ်ဖတ်ချလင်းဆိုသူက တာဝန်ရှိသူထံရောက်လာပြီး အဆိုပါ မြွေရေခွံတွေဟာ ဖခင်ဖြစ်သူရဲ့ အွေဖွန်းအင်တာပရိုက်လိမိတက် သားရေလုပ်ငန်း ကုမ္ပဏီပိုင် ပစ္စည်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဖခင်မှာ အခုအသက် ၈၀ ကျော်ပြီဖြစ်ပြီး ကုမ္ပဏီရပ်ဆိုင်းခဲ့တာ နှစ်ပေါင်း ၃၀ ရှိပြီဖြစိကြောင်း၊ ဒါကြောင့် မြွေရေခွံတွေ ဖျက်ဆီးပစ်ကာ အလှူအတန်းလုပ်ပြီး အမျှပါဝေပေးခဲ့ တယ်လို့ ပြောပါတယ်။
တာဝန်ရှိသူတွေကတော့ မြွေသားရေတွေကို တရားဝင်ထုတ်လုပ်မှုရှိမရှိ ဆက်လက်စုံစမ်း စစ်ဆေးသွားမှာဖြစ်ပြီး ခွင့်ပြုချက်မရဘူးဆိုရင် အရေးယူသွားမှာဖြစ်ကြောင်း ၊ ဥပဒေအရ ခွင့်ပြု ချက်မရဘဲ တိရိစ္ဆာန်တွေသိုလှောင်ထုတ်လုပ်တယ်ဆိုရင် ဒဏ်ငွေ ဘတ် ၄ သောင်းထက်မပို ဒါမှမဟုတ် ထောင်ဒဏ် ၄ နှစ် ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါကျခံရမယ်လို့ ပြောသွား ပါတယ်။