ချစ်သူကို သံသေးသံကြောင်ဖြင့် နှောင့်ယှက်သူအား သေနတ်ဖြင့်ပစ် (ရုပ်သံ)

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ချစ်သူနှစ်ဦး လမ်းလျှောက်လာချိန် လမ်းပေါ်ရှိ ကားသမားတဦးက သံသေးသံကြောင်နဲ့ နှောင့်ယှက်နောက်ပြောင်ခဲ့လို့ ချစ်သူအမျိုးသားက ခြောက်လုံးပြူးသေနတ်နဲ့ ပစ်ခဲ့ပါတယ်။ လက်ရှိမှာတော့ သူတို့စုံတွဲကို နယူးယောက်ရဲတွေက စုံစမ်းရှာဖွေနေတာဖြစ်တယ်လို့ ဒေးလီးမေးလ် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ သူတို့စုံတွဲဟာ ဇူလိုင် ၄ ရက် ည ၉ နာရီလောက်မှာ ဘရွတ်ကလင်း ဆင်ခြေဖုံးရပ်ကွက်တခု အနီးက လမ်းမပေါ်မှာ လမ်းလျှောက်ခဲ့ကြချိန် ခုလိုဖြစ်ခဲ့တာလို့ ရဲတွေက ပြောပါတယ်။ သူတို့ဟာ လမ်းပေါ်မှာရပ်ထားတဲ့ ကားတစီးကို ဖြတ်ခဲ့ကြချိန်မှာ ကားပေါ်က အမျိုးသားက သူ့ရဲ့ချစ်သူ အမျိုးသမီးကို သံသေးသံကြောင်နဲ့ တခုခုပြောဆိုလိုက်တာပါ။ အဲဒီအချိန်မှာ သူက အမျိုးသမီးရဲ့ ပိုက်ဆံအိတ်ထဲမှာ ပါလာတဲ့ ခြောက်လုံးပြူးသေနတ်ကို ဆွဲထုတ်ပြီး အဆိုပါကားသမားရဲ့ ရင်ဘတ်ကို ပစ်လိုက်တာလို့ သတင်းမှာ ဖော်ပြပါတယ်။ သေနတ်နဲ့ပစ်ခံရသူ အသက် ၂၂ နှစ်အရွယ် အမျိုးသားကို လက်ရှိမှာတော့ ဘရွတ်ခ်ဒေးလ်ဆေးရုံကို ပို့ဆောင်ထားခဲ့ပြီး စိုးရိမ်ရတဲ့ အခြေအနေ မရှိဘူးလို့ ရဲတွေက ပြောပါတယ်။ စီစီတီဗွီ ရုပ်သံကင်မရာထဲမှာတော့ အဆိုပါစုံတွဲဟာ လမ်းကို ဖြတ်ကူးနေခဲ့ပြီး အမျိုးသမီးရဲ့ အိတ်ထဲက လက်နက်ကို ဆွဲထုတ်ခဲ့တာကို တွေ့ရပါတယ်။ သူဟာ ချစ်သူအမျိုးသမီးကို တွန်းဖယ်ပစ်ခဲ့ပြီး ကားသမားကို တချက်တည်း ပစ်ခဲ့တာပါ။ အမျိုးသမီးဟာ လမ်းဆက်လျှောက်သွားခဲ့ပြီးနောက်မှာ ဆိုင်တဆိုင်ထဲကို ၀င်သွားခဲ့တာ တွေ့ရပါတယ်။ ရဲအရာရှိတွေက အဆိုပါအမျိုးသားဟာ အနက်နဲ့အပြာ ခေါင်းစွပ်အင်္ကျီကို ၀တ်ဆင်ထားကာ အဖြူရောင်အားကစားဖိနပ်ကို စီးထားခဲ့ပြီး အမျိုးသမီးကတော့ ပန်းရောင် ဘေ့စ်ဘောဦးထုပ်နဲ့ အနက်ရောင်တီရှပ်ကို ၀တ်ဆင်ထားတယ်လို့ ပြောပါတယ်။ အဲဒီအဖြစ်အပျက်ဖြစ်ပြီး တနာရီလောက်အကြာမှာတော့ အဆိုပါဒေသအနီးမှာပဲ အသက် ၁၈ နှစ်အရွယ် လူငယ်တဦး သေနတ်နဲ့  ၅ ချက်ပစ်ခံခဲ့ရတာပါ။ ဒါဟာ အများပြည်သူကြားမှာ လက်နက်ထုတ်ပြီး ပစ်ခတ်ခဲ့မှုအတွက် အငြင်းပွားစရာတခုအနေနဲ့ မြင့်တက်လာခဲ့ကာ ရဲတွေကတော့ ဒီအမှု ၂ ခုကို ဆက်စပ်မရသေးဘူးလို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up