ဖလော်ရီဒါတွင် အဆိပ်အတောက်ရေညှိ ပျံ့နှံ့မှု အရေးပေါ်အခြေအနေ ကြေညာ

ဓာတ်ပုံ - ရိုက်တာ
605
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် အရှေ့ဘက်ကမ်းရိုးတန်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အဆိပ်အတောက်ဖြစ်စေတဲ့ ရေညှိတွေ ပျံ့နှံ့လာတဲ့အတွက် ပြည်နယ်အုပ်ချုပ်ရေးမှူးက ဇူလိုင် ၅ ရက်နေ့မှာ အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။
ဖလော်ရီဒါပြည်နယ် အရှေ့ဘက်က စိန့်လူစီ (St Lucie) မြစ်ထဲက ရေညှိနမူနာတွေကို ဓာတ်ခွဲခဲ့တဲ့အခါ လူ၊ တိရစ္ဆာန်နဲ့ အပင်တွေကို အဆိပ်အတောက်ဖြစ်စေတာ တွေ့ရှိခဲ့ပါတယ်။
ဒါကြောင့် အရှေ့ဘက် ခရိုင် ၄ ခုက အရေးပေါ်အခြေအနေ ကြေညာထားပြီး ပြည်နယ်မြောက်ပိုင်း ဂျက်ဆင်ဗီးလ်မြို့က ရေအိုင်က ရေချိုတွေကို ဖွင့်ချနေရပါတယ်။
ဖလော်ရီဒါပြည်နယ်ရဲ့ အကြီးဆုံးရေအိုင်ကြီးဖြစ်တဲ့ အိုကီချိုဘီရေအိုင်က ညစ်ညမ်းနေတဲ့ ရေတွေကို ရေလွှမ်းမိုးမှုဖြစ်မှာ စိုးရိမ်လို့ ဖွင့်ချလိုက်တဲ့အချိန်မှာ ဒီရေညှိတွေ ဖြစ်လာတာပါ။
အိုကီချိုဘီရေအိုင်ဟာ ပြည်နယ်ရဲ့ အကြီးဆုံး ရေချိုအိုင်ကြီး ဖြစ်ပေမယ့်လည်း ပတ်ဝန်းကျင် ဒေသခံတွေရဲ့ စွန့်ပစ်ရေတွေ၊ မွေးမြူရေးခြံတွေက စွန့်ပစ်ရေတွေ၊ ဓာတ်မြေသြဇာရေတွေနဲ့ ညစ်ညမ်းနေတာ ဖြစ်ပါတယ်။