Home
မြန်မာသတင်း
၅၄ နှစ်မြောက် 7 July အခမ်းအနား မြန်မာနိုင်ငံအနှံ့အပြားတွင် ကျင်းပ
DVB
·
July 7, 2016
၅၄ နှစ်မြောက် 7 July အခမ်းအနားတွေကို ရန်ကုန်တက္ကသိုလ်၊ မုံရွာတက္ကသိုလ်၊ ထားဝယ်မြို့နဲ့ ဟင်္သာတမြို့တွေမှာ ဒီနေ့ မနက်ပိုင်းက အသီးသီးကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ်က ဦးဆောင်ပြီး ၅၄ နှစ်မြောက် 7 July  အထိမ်းအမှတ်အဖြစ် ဒီနေ့ မနက်ပိုင်းက ပြည်လမ်းကနေ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦဟောင်းနေရာအထိ လမ်းလျှောက်သွားရောက် အလေးပြုခဲ့ကြပါတယ်။ ဒါ့အပြင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တော်ခန်းမမှာ ဒီနေ့ မနက် ၈ နာရီက 7 July အခမ်းအနားနဲ့ ထားဝယ်ခရိုင်ကျောင်းသားများသမဂ္ဂ ဖွဲ့စည်းထူထောင်ခြင်း ၄ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို  ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားသို့ တနင်္သာရီ တိုင်းဒေသကြီးအစိုးရဖွဲ့ ဝန်ကြီးတွေ၊ နိုင်ငံရေးပါတီတွေ၊ ကျောင်းသားတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေက ဧည့်သည်တော်တွေ တက်ရောက်ခဲ့ပါတယ်။ မုံရွာမြို့မှာလည်း ၅၄ နှစ်မြောက် 7 July အခမ်းအနားကို ဇူလိုင်လ ၇ ရက် နံနက် ၈ နာရီခွဲအချိန်က 7 july ကို အောက်မေ့သတိရသောအားဖြင့် မုံရွာခရိုင် ဗကသ များအဖွဲ့ချုပ်က မုံရွာစီးပွားရေး တက္ကသိုလ်နှင့် မုံရွာတက္ကသိုလ်ရှေ့တို့မှာ 7 july သမိုင်းအကျဉ်းရေးထားတဲ့ စာရွက် ၇၀၀ ကိုလည်း ဝေငှခဲ့ကြပါတယ်။ လက်ကမ်းစာရွက်မှာ 7 july သမိုင်းအပြင် ဗကသ မူ ၅ ချက်ကိုလည်း ထည့်သွင်းရေးသားထားပါတယ်။ မုံရွာ ဗကသ ကျောင်းသားတွေနဲ့အတူ သခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ယက်(မုံရွာ)၊ မုံရွာခရိုင် နိုင်ငံရေးအကျဉ်းသားများအဖွဲ့ချုပ်၊ လက်ပံတောင်းတောင် ကယ်တင်ရေးကော်မတီတို့ ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။ မုံရွာခရိုင် တကသ များကွန်ရက်မှလည်း တက္ကသိုလ်အနီး ရေကူးကန်လမ်းရှိ ဓမ္မရံသီကျောင်းမှာ ဆွမ်းကပ်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ဥယာဉ်မြောက်ရပ်ကွက်ရှိ ဟုန်စံစီ ခန်းမဆောင်မှာ ဒီနေ့မနက် ၉ နာရီအချိန်မှစတင် 7 July အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါတယ်။ ၅၄ နှစ်မြောက် 7 july အခန်းအနားကို ဟင်္သာတ ဗကသကျောင်းသားတွေက ဦးစီးကျင်းပခဲ့ပြီး ဟင်္သာတမြို့က ၁၉၆၂ ခုနှစ် ကျောင်းသားဟောင်းကြီးတွေနဲ့ တကွ ဟင်္သာတမြို့ပေါ်ရှိ အရပ်ဘက်အဖွဲ့အစည်း တွေ၊ ၁၉၉၀ အနိုင်ရပါတီရဲ့ အမတ်တဦးဖြစ်တဲ့ ဒေါက်တာဦးဇော်မြင့်လည်း တက်ရောက်ခဲ့ တယ်လို့ သိရှိခဲ့ရပါတယ်။  အခမ်းအနားမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်လင်းလူ့အဖွဲ့အစည်းက ကိုမြအေးနဲ့  ဗကသ အတွင်းရေးမှူး မဖြိုးဖြိုးအောင်တို့ကလည်း 7 july နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်တဲ့ တော်လှန်ရေးကောင်စီက ကျောင်းသားထုအပေါ် ရက်စက်စွာ ပစ်ခတ်ချေမှုန်းခဲ့ပြီး   ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦကိုပါ ဒိုင်းနမိုက်နဲ့ဖောက်ခွဲ ဖြိုဖျက်ခဲ့ပါတယ်။ သတင်း၊ ဓာတ်ပုံ - ထွန်းအောင်ကျော် (ထားဝယ်)၊ အောင်ကိုလတ် (မုံရွာ)၊ ကိုကြက် (ဟင်္သာတ)  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024