လူဝစ်စီးယားနားတွင် လူမည်းကို ပစ်ခတ်သည့်ရုပ်သံ ထွက်ပေါ်ပြီး စုံစမ်းစစ်ဆေးမှုများ စတင် (ရုပ်သံ)

1.4K
အမေရိကန်ပြည်ထောင်စု လူဝစ်စီးယားနားမှာ လက်ထိပ်ခတ်ထားတဲ့ လူမည်းတဦးကို လူဖြူ ရဲတပ်ဖွဲ့ဝင် ၂ ဦးက ပစ်ခတ်လိုက်တဲ့ ဗွီဒီယိုမှတ်တမ်း ထွက်ပေါ်လာပြီး တရားရေးဌာနက ဇူလိုင် ၆ ရက်မှာ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပါတယ်။
ဇူလိုင် ၅ ရက်က အသတ်ခံရတဲ့ အိမ်လုပ်သီချင်းစီဒီတွေ ရောင်းချတဲ့ အသက် ၃၇ နှစ်ရှိ အယ်လ်တန် စတာလင်ဆီက သေနတ်တလက် ရရှိတယ်လို့ တရားရေးအရာရှိတဦးက ပြောပါတယ်။
လက်ရှိထွက်ပေါ်လာတဲ့ မှုန်ဝါးနေတဲ့ ဖုန်းမှတ်တမ်းအရ စတာလင်ရဲ့လက်ထဲမှာ သေနတ်ရှိနေသလား၊ ဒါမှမဟုတ် အပစ်ခံရပြီးမှ သေနတ်က ရောက်နေသလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရဘူးလို့ ဆိုပါတယ်။
မျက်မြင်တဦးကတော့ ရဲက စတာလင်ကို ပစ်ပြီး အိတ်ထဲက သေနတ်ကို ထုတ်ခဲ့တယ်လို့ ပြောပါတယ်။
ဒီလိုပစ်ခတ်မှုကြောင့် လူဝစ်စီးယားနားပြည်နယ် မြို့တော် ဘန်တွန်ရုဒ်မှာ လူမည်းတွေက ဆန္ဒပြမှုတွေ လုပ်ဆောင်ခဲ့ပြီး စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဒီမိုကရက်တစ်ပါတီဝင် မြို့တော်ဝန် ဂျွန်ဘယ်လ်အပ်ဝပ်ကလည်း စုံစမ်းစစ်ဆေးမှုကို ဦးဆောင်ဖို့ တရားရေးဌာနကို တောင်းဆိုထားပါတယ်။
ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတလောင်း ၀င်အရွေးခံမယ့် ဟီလာရီ ကလင်တန်ကတော့ ပစ်ခတ်မှုဟာ ဆိုးဝါးတဲ့ ဖြစ်ရပ်တခု ဖြစ်သလို ရဲနဲ့ လူ့အသိုင်းအ၀န်းကြား ယုံကြည်မှုကို ပြန်တည်ဆောက်ရမယ်လို့ ထုတ်ပြန်ပါတယ်။
ဘာတွန်ရုဒ်ရဲဌာန အကြီးအကဲကတော့ စတာလင်က သေနတ်ကိုင်ထားတယ်လို့ ပြောပါတယ်။
စတိုးဆိုင်အပြင်ဘက်မှာ တစုံတယောက်က သေနတ်နဲ့ ခြိမ်းခြောက်နေကြောင်း အမည်မသိ လူတဦးက သတင်းပေးခဲ့အပြီးမှာ ရဲနဲ့ စတာလင်တို့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ထွက်ပေါ်လာတဲ့ ရုပ်သံဖိုင်မှာတော့ ရဲအရာရှိတဦးက စတာလင်ကို ချုပ်ထားသလို တခြား ၂ ဦးက သူ့ကို ပလက်ဖောင်းပေါ်မှာ ဖိညှပ်ထားပါတယ်။
ဒီနောက်မှာတော့ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အဲဒီပစ်ခတ်ခဲ့တဲ့ အရာရှိ ၂ ဦးကိုလည်း ရာထူးက ဆိုင်းငံ့ထားပါတယ်။