A d v e r t i s e m e n t With Us

ကျောင်းပြင်ပ ပညာရေးဦးစီးဌာနအသစ်ဖွဲ့စည်းမည်

ပညာရေးဝန်ကြီးဝန်ကြီးဌာနလက်အောက်မှာ ကျောင်းပြင်ပညာရေးဦးစီးဌာန အသစ်ဖွဲ့စည်းပြီး ကျောင်းပြင်ပ အလယ်တန်းပညာအစီအစဉ်ကို အခု ပညာသင်နှစ်မှာ စတင်တော့မှာဖြစ်ပါတယ်။ Untitled-1ကျောင်းပြင်ပ ပညာရေးဖိုရမ်ကို ဇူလိုင် ၆ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်သွားပြီး ပညာရေးဝန်ကြီးဌာန၊ UNICEF၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ တက်ရောက်ခဲ့ပါတယ်။ ဒီဖိုရမ်မှာ မြန်မာနိုင်ငံရဲ့ ကျောင်းပြင်ပရောက် ကလေးတွေရဲ့ပညာနဲ့ပတ်သက်ပြီး အဓိကဆွေးနွေးခဲ့ကြပါတယ်။ အရင်ခေတ်ကာလတွေမှာ အစိုးရက မလုပ်ခဲ့တဲ့ ကျောင်းပြင်ပ ပညာရေးကို အခုအစိုးရသစ်လက်ထက်မှာ ၀န်ကြီးဌာနက ဦးစီးဌာနတစ်ခု အသစ်ဖွဲ့စည်းပြီး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ညွန်ကြားရေးမှုးချုပ် ဒေါက်တာ ခိုင်မြဲက ပြောပါတယ်။ “ကျောင်းပြင်ပနဲ့ ပညာရေးဂဏ္ဍကို အရင်တုန်းက အစိုးရကမလုပ်ဘူး။ အခုက ဒါကိုအစိုးရက ပင်မ လုပ်ငန်းအနေနဲ့လုပ်မယ်။ ဒီဦးစီးဌာနက အစိုးရကိုယ်စား ဆောင်ရွက်မယ့်အဖွဲ့အစည်းပေါ့။ ဒီဦးစီးဌာန ပေါ်ပြီးတာနဲ့ တပြိုင်နက် ဒါအမြဲလုပ်မယ်လို့ ပြောလို့ရတာပေါ့နော်။” ဒါအပြင် မြန်မာနိုင်ငံစာတတ်မြောက်ရေးအထောက်အကူပြု ပင်မဌာနအနေနဲ့ ပညာရေးဝန်ကြီးဌာန၊ UNICEF နဲ့ အလှူရှင်နိုင်ငံတွေရဲ့ ပူးပေါင်းကူ ညီမှုနဲ့ ကျောင်းပြင်ပ အလယ်တန်းပညာရေးအစီအစဉ်ကို ၂၀၁၆-၁၇ ပညာသင်နှစ်ကစပြီး မြို့နယ် လေးမြို့နယ်မှာ စတင်ဆောင်ရွက်သွားမယ်လို့ ကျောင်းပြင်ပမူလတန်းပညာရေးဗဟိုညှိနှိုင်းရေးမှုး ဦးအေးကြိုင်က ပြောပါတယ်။ “ဒီနှစ်လုပ်မှာက ရန်ကုန်တိုင်းက ဒလမြို့နယ်ကို စတင်ပြီးတော့ အစပြု စမ်းသပ်မှာပါ။ ကချင်ပြည်နယ်မှာ မြစ်ကြီးနားကို စမ်းသပ်မှာပါ။ ကယားပြည်နယ်မှာ လွိုင်ကော်၊ ရခိုင်ပြည်နယ်မှာ စစ်တွေပါ။ ဒီလေးမြို့နယ်ကိုကြည့်လိုက်ရင် ဗမာတပြည်လုံး ဖြန့်ကျဲထားတယ်။ မြောက်ဖက်မှာဆိုရင် မြစ်ကြီးနား၊ အနောက်ဖက်မှာဆိုရင် ရခိုင်၊ အရှေက်ဖက်မှာဆိုရင် ကယား၊ ပြီးတော့ရန်ကုန် ကျနော်တို့ သဘောကတော့ ဗမာပြည်အနှံ့ကို ကျနော်တို့ စမ်းသပ်လိုက်တဲ့အခါမှာ အလယ်တန်းပညာကို ကူးပြောင်းတဲ့စနစ်တခုကိုရမယ်လို့ ယုံကြည်ပါတယ်။ ” မြန်မာနိုင်ငံရဲ့ လက်ရှိပညာရေးအခြေအနေအရ ကျောင်းထွက်နှုန်းကများပြီး အသားတင်ကျောင်းနေနှုန်းက နည်းပါးနေတယ်လို့ ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။ လက်ရှိမှာ အသက် ၅ နှစ်ကနေ ၁၆ နှစ်အရွယ်ကလေး ၂ ဒသမ ၇ သန်းလောက် ဟာ ကျောင်းဝင်ရောက်မှုမရှိသူတွေနဲ့ ကျောင်းထွက်စောတဲ့ကလေးတွေဖြစ်ပြီး အသက် ၅ နှစ်ကနေ ၁၆ နှစ်အရွယ် ကလေးငယ် ၁ ဒသမ ၃ သန်းလောက်ဟာလည်း လုပ်ငန်းခွင်ဝင်ရောက်နေရပါတယ်။ ဒါ့အပြင် အသက် ၁၅ နှစ်နဲ့ အထက် သက်ကြီးစာမတတ်သူ ၃ ဒသမ ၅ သန်းခန့်ရှိနေသေးတယ်လို့ ပညာရေးဝန်ကြီးက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up