ထိုင်းအကျဉ်းထောင်များတွင် လိင်တူချစ်သူ အကျဉ်းသားများကို သီးခြားထားမည်

1.4K
ထိုင်းနိုင်ငံ၊ အဂတိလိုက်စားမှု ပပျောက်ရေးဌာနက အကျဉ်းကျနေတဲ့ လိင်တူ၊ လိင်ပြောင်း (LGBT) အကျဉ်းသားတွေရဲ့ ဘေးကင်းလုံခြုံမှု ရှိစေရေးအတွက် သီးခြားထားရှိနိုင်ဖို့ ပြင်ဆင်နေပါတယ်။
တရားမျှတမှုဆိုင်ရာ အမြဲတမ်းဒု-အတွင်းဝန် ကော့ဘ်ကီရက် ကာဆီဝီ၀ပ်တ်က လိင်တူ၊ လိင်ပြောင်း အကျဉ်းသားတွေကို တခြားအကျဉ်းသားတွေရဲ့ မတော်မတရား နှိပ်စက်ညှဉ်းပန်းမှုတွေကနေ ကာကွယ်ပေးနိုင်ဖို့ ခုလိုစီစဉ်တာလို့ ပြောပါတယ်။
လိင်တူ၊ လိင်ပြောင်း အကျဉ်းသားတွေကို သီးခြားကွပ်ကဲမှု အစီအစဉ်တခုနဲ့ ထားရှိဖို့ မင်ဘူရီအကျဉ်းထောင်ကို အသုံးပြုမယ်လို့ သူက ပြောပါတယ်။
ဇူလိုင် ၅ ရက်နေ့က ပတ္တယား ရမန်အကျဉ်းထောင်မှာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ တရားရေးဝန်ကြီး၊ ပြည်သူ့ရေးရာ စုံစမ်းစစ်ဆေးရေးရုံးမှ တာဝန်ရှိသူတွေနဲ့ ကျင်းပခဲ့တဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ သူက ခုလိုပြောလိုက်တာပါ။
ပြည်တွင်းပြည်ပ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားရေး အဖွဲ့အစည်းတွေဟာ ၀န်ကြီးဌာနဆီ ဦးတည်ပြီး လိင်တူ၊ လိင်ပြောင်း အကျဉ်းသားတွေအတွက် ထောင်တခု တည်ထောင်ပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။
လိင်ပြောင်းအကျဉ်းသားတွေဟာ အထူးသဖြင့် တခြားအကျဉ်းကျ အမျိုးသားတွေနဲ့ အတူထားရှိခံရတဲ့အချိန်မှာ တွေ့ကြုံရတဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကို ထိတ်လန့် ကြောက်ရွံ့နေကြတာပါ။
လိင်ပြောင်းအကျဉ်းသားတွေကို များသောအားဖြင့်တော့ သူတို့ရဲ့ မှတ်ပုံတင်ပေါ်မှာ ဖော်ပြထားတဲ့ ကျား၊ မ ဖော်ပြချက်ကို ကြည့်ပြီး ဆုံးဖြတ်ကာ အမျိုးသား အကျဉ်းထောင်တွေဆီကို ပို့ဆောင်တာလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
လက်ရှိမှာတော့ ထိုင်းနိုင်ငံမှာ လိင်တူ၊ လိင်ပြောင်း အကျဉ်းသား ၄၄၄၈ ဦး ရှိတဲ့ထဲက အမျိုးသမီးဦးရေ ၂၂၅၈ ဦး၊ အမျိုးသားဦးရေ ၂၁၅၆ ဦးနဲ့ လိင်အင်္ဂါပြောင်လဲထားသူ ၃၄ ဦး ရှိနေတယ်လို့ အဂတိလိုက်စားမှု ပပျောက်ရေးဌာနက ပြောပါတယ်။
ဒါဟာ စုစုပေါင်းအကျဉ်းသားဦးရေ ၃ သိန်းရဲ့ ၁ ရာခိုင်နှုန်းလောက်သာ ရှိနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ပတ္တယားရမန်အကျဉ်းထောင်မှ ထောင်မှူးကြီး ချာ့တ်ပွန် အာဖာဆွတ်ကတော့ လိင်တူ၊ လိင်ပြောင်း အကျဉ်းသားတွေဟာ လိင်ပိုင်းဆိုင်ရာ မတရား ညှဉ်းပန်းနှိပ်စက်မှုခံရမယ့် အခြေအနေမှာ ပိုပြီး အားနည်းချက်တွေ ရှိနေတယ်လို့ ပြောပါတယ်။
ပတ္တယားရမန်အကျဉ်းထောင်မှာ လိင်ပြောင်းအကျဉ်းသားတွေကို အမျိုးသား အကျဉ်းသားတွေနဲ့ သီးခြားထားရှိပေမယ့် သူတို့ဟာ တချိန်လုံး အလုပ်အတူတူ လုပ်နေရတာတွေကြောင့် မကြာခဏ ညှဉ်းပန်းနှိပ်စက်မှုတွေ တွေ့ရလေ့ရှိတယ်လို့ ပြောပါတယ်။